ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်နှစ်ဦး စတင်မဲဆွယ်

ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်နှစ်ဦး စတင်မဲဆွယ်

စက်တင်ဘာ ၁၉ ရက် ။          ။ ရခိုင်အမျိုးသားပါတီ (ANP) ၏ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဖြစ်သော ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဗဟိုကော်မတီဝင် ဦးဦးလှစော သက်ဆိုင်ရာမဲဆန္ဒ နယ်မြေများတွင် စတင်မဲဆွယ်နေပြီဟု သိရသည်။

ANP ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ စက်တင်ဘာလ ၁၅ ရက်နေ့၌ ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော မာန်အောင်မြို့တွင် စတင်မဲဆွယ်ခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မင်းဆိပ်ပြင်ကျေးရွာ သို့ရောက်ရှိကာ မဲဆွယ်စည်းရုံးခဲ့သည်ဟု မာန်အောင် ရခိုင်အမျိုးသားပါတီဝင်တစ်ဦးက ပြောကြားသည်။

ဒေါက်တာအေးမောင်က မဲဆွယ်ရာတွင် မာန်အောင်မြို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်မည်ဟု ကတိပြုပြောဆိုပြီး ရခိုင်အမျိုးသားပါတီ၏ အမတ်လောင်းများ အနိုင်ရရှိပြီး ရခိုင်ပြည်နယ်တွင် အစိုးရဖွဲ့နိုင်ရေးကို အဓိကထား ဟောပြောကြောင်း သိရသည်။ ဒေါက်တာအေးမောင်သည် မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၏ အမတ်လောင်းနောက်တစ်ဦးဖြစ်သူ ပါတီဗဟိုကော်မတီဝင် ဦးဦးလှစောသည်လည်း စက်တင်ဘာလ ၁၇ ရက်နေ့၌ မြောက်ဦးမြို့သို့ ရောက်ရှိနေပြီး အချက် ၅ ချက်ဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး စတင်စည်းရုံးနေပြီဟု ဦးဦးလှစောက ပြောကြားသည်။

"မြို့ပေါ်နဲ့ ကျေးလက်မှာပါ ထူချွန်ထက်မြက်တဲ့ ပညာတတ်လူငယ်မျိုးဆက်တစ်ခု ပေါ်ထွန်းလာဖို့အတွက် ပညာရေး မြှင့်တင်ရေးလုပ်ငန်း။ အလွန်တရာနိမ့်ကျနေတဲ့ ကျေးလက်အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မြှင့်တင်ဖို့။ ယန္တရားဟောင်းတွေမှာ အနိုင်ကျင့်ဗိုလ်ကျတဲ့ ဗျူရိုဂရက် အရာရှိဆိုးတွေ၊ မတရားမခွန်ကောက်မှုတွေ မြောက်ဦးဒေသ တစ်ခုလုံးမှာ ကင်းရှင်းစေဖို့ပဲ ဖြစ်ပါတယ်။

မြောက်ဦးဒေသမှာ တော၊ တောင်၊ ရေ၊ မြေ၊ ကျေးငှက်တိရိစ္ဆာန်တွေကို ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ မြောက်ဦးနယ်မြေဟာ သမိုင်း၊ ဂန္ဓဝင် ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ အသိအမှတ်ပြုယဉ်ကျေးမှုနယ်မြေကြီး ပေါ်ထွန်းလာစေဖို့" ဟု ၎င်းက ပြောသည်။

အဆိုပါ အချက် ၅ ချက်ကို ပြည်သူလူထုနှင့် လက်တွေ့အကောင်အထည် ဖော်ဆောင်ပါက တဖြည်းဖြည်း လက်တွေ့အကောင်အထည်ဖော်၍ ရနိုင်ကြောင်းနှင့် ရခိုင်လူမျိုးတို့၏ အဓိက အရေးကြီးသော နောက်ဆုံးအချက်ကိုလည်း ယခုလိုရှင်းပြထားသည်။

ဦးဦးလှစောသည် မြောက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော်သို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ကျေးလက်ဒေသများသို့ သွားရောက်မဲဆွယ်စည်းရုံးမည်ဟု မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags