ဖိလစ်ပိုင်လေယာဉ်တစ်စင်း ပျံသန်းစဉ်လေပြင်းနှင့် တွေ့၍ ခရီးသည် ၁၅ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်လေယာဉ်တစ်စင်း ပျံသန်းစဉ်လေပြင်းနှင့် တွေ့၍ ခရီးသည် ၁၅ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဟာဝိုင်ယီမှ မနီလာသို့ ပျံသန်းစဉ်တွင် လေပြင်းနှင့် ရင်ဆိုင်တွေ့သဖြင့် ခရီးသည် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကုမ္ပဏီက ပြောသည်။

Flight PR101 လေယာဉ်သည် ဖိလစ်ပိုင်မြို့တော်သို့ ရောက်ရှိရန် လေးနာရီခန့်အလိုတွင် ယခုကဲ့သို့ ကြုံတွေ့လိုက်ခြင်းဖြစ်ပြီး လေပြင်းဆောင့်တိုက်သည့် ဒဏ်ကြောင့် ခရီးသည်တစ်ချို့ ထိုင်ခုံများပေါ်မှ လွင့်ကျသွားရကြောင်းလည်း လေကြောင်းလိုင်းက ပြောသည်။

"မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတဲ့ မတော်တဆမှုပါ။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၃၂ ဦးလိုက်ပါလာတာမှာ ၁၅ ဦး အသေးစားထိခိုက်မှုများဖြစ်ခဲ့ရပါတယ်။"ဟု လေကြောင်းလိုင်းက ထုတ်ပြန်သည်။

မနီလာလေဆိပ်သို့ လေယာဉ်ဆိုက်ရောက်ချိန်တွင် ဆေးအဖွဲ့၊ လေဆိပ်အရာရှိများ၊ လေကြောင်းလိုင်းအရာရှိများက အသင့်စောင့်နေခဲ့သည်။

"ကျွန်တော်တို့တော့ သေပြီလို့ပဲ ထင်လိုက်မိတော့တယ်။ ထိုင်ခုံတွေပေါ်က လွင့်ကျသွားပြီး မျက်နှာကြက်နဲ့ရိုက်မိတယ်။"ဟု ခရီးသည်တစ်ဦးက ABS-CBN ရုပ်သံသို့ ပြောခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly