ခမာ ခေါင်းဆောင်များ၏ ရက်စက်မှုများအကြောင်း ဂျိုလီ၏ ဇာတ်ကား ကမ္ဘောဒီယား ဝန်ကြီး ကြိုဆို

ခမာ ခေါင်းဆောင်များ၏ ရက်စက်မှုများအကြောင်း ဂျိုလီ၏ ဇာတ်ကား ကမ္ဘောဒီယား ဝန်ကြီး ကြိုဆို

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟန်ဆန်သည် ကမ္ဘာကျော် သရုပ်ဆောင်မင်းသမီး အိန်ဂျလီနာ ဂျိုလီနှင့် ဖနွမ်းပင်တွင် တွေ့ဆုံခဲ့ပြီးနောက် မကြာမီ ထုတ်လွှင့်ပြသမည့် ဂျိုလီ၏ ရက်စက်သော ခမာ ခေါင်းဆောင် များအကြောင်း ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားကို ထောက်ခံကြိုဆိုကြောင်း စက်တင်ဘာ ၁၇ ရက်က ပြောကြားသည်။

ဂျိုလီသည် ကွန်မြူနစ်လက်ထက်တွင် ကမ္ဘောဒီးယားလူမျိုးများ အခွင့်အရေး တက်ကြွလှုပ်ရှား သူ Loung Ung ၏ ကိုယ်တွေ့ဖြစ်ရပ်အကြောင်း ရိုက်ကူးထားသော  First They Killed My Father : A Daughter of Cambodia Remembers ဇာတ်ကားကို သင့်လျော်သလို ပြုပြင် ရိုက်ကူးသွားမည် ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော ခမာ ခေါင်းဆောင်များသည် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားလူမျိုး ၂ သန်းခန့်ကို အစာရေစာ ငတ်ပြတ်အောင် ထားခြင်း၊ အလုပ်အလွန်အကျွံ ခိုင်းခြင်း သို့မဟုတ် ကွပ်မျက်ခြင်းတို့ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

“ ဒီဇာတ်ကားဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ထင်ဟပ်စေမှာပါ။ မျိုးဆက် သစ် လူငယ်များ နိုင်ငံအကြောင်းကို နားလည်စေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်မှာပါ” ဟု ဝန်ကြီးချုပ် ဟန်ဆန်က ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲပြီးနောက် ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Eang Sophallethက သတင်းထောက်များကို ပြောသည်။

အဆိုပါ ဇာတ်ကားသည် ကမ္ဘောဒီးယား ပြည်သူများအကြောင်း ၎င်းကို အနီးကပ် လေ့လာ နိုင်စေအောင် အကူအညီပေးကြောင်း ဂျိုလီက ပြောသည်။ ဂျိုလီသည်  အဆိုပါဇာတ်ကားကို  Netflix  ရုပ်ရှင် ကုမ္ပဏီနှင့် ပူးပေါင်းကာ ဒါရိုက်တာအဖြစ် စီစဉ်ညွှန်ကြား ရိုက်ကူး ထုတ်လုပ်သွားမည် ဖြစ်သည်။ ဂျိုလီ သည် Ung နှင့်အတူ ဇာတ်ညွန်းကို ရေးသားခဲ့ကြောင်းနှင့် ကမ္ဘောဒီယား ဒါရိုက်တာ Rithy Panh သည်လည်း ထုတ်လုပ်သူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ခမာထိပ်တန်း ခေါင်းဆောင်နှစ်ဦးကို လူသားချင်း စာနာထောက်ထားမှုကို ချိုးဖောက်သည့် ရာဇဝတ်မှုများအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ အသက် ၈၉ နှစ် အရွယ်ရှိ ခမာခေါင်းဆောင်ဟောင်း Nuon Chea နှင့်  အသက် ၈၄ နှစ်အရွယ်ရှိ  Khier Samphan တို့သည်  ကမ္ဘောဒီးယားနိုင်ငံ၏ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသော တရားရုံးက ချမှတ် ခဲ့သော ပြစ်ဒဏ်အတွက် အယူခံဝင်လျက် ရှိသည်။

၁၉၉၈ ခုနှစ်က ခမာခေါင်းဆောင် ပိုပေါ့ Pol Pot သည် တရားမကြောင်းအရ တရားရင်ဆိုင်ရ ခြင်း မရှိဘဲ ကွယ်လွန်ခဲ့သည်။ မတ်လကလည်း ခမာ အဖွဲ့ဝင်ဟောင်းများကို  လူသားချင်း စာနာထောက်ထား မှုကို ချိုးဖောက်သော ရာဇဝတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly