လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနှင့် ကား ပြဿနာ

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနှင့် ကား ပြဿနာ

လမ်းပန်းဆက်သွယ်ရေး အလွန်ညံ့ဖျင်းသည့် မိမိတို့နိုင်ငံတွင် ပြည်သူအများ၏ နိစ္စဓူဝ အခက်အခဲများကို ပြောပြပါဆိုပါက ရန်ကုန်မြို့နေသူ အများစု နံနက်ခင်း ရုံးသွားချိန်နှင့် အိမ်ပြန်ချိန် လိုင်းကားတိုးစီး ရသည့် ပြဿနာကို ပြောဆိုကြရပါလိမ့်မည်။

နိုင်ငံတစ်နိုင်ငံနေ ပြည်သူများအတွက် မွေးရာပါ အခွင့်အရေးသည် သွားလာရ လွယ်ကူခြင်းဟု ပြောဆိုပါကလည်း မှားမည်မထင်ပါ။ သို့သော် မြန်မာ့လိုင်းကား ပြဿနာသည် ထိုအခွင့်အရေးကို ထိပါးရုံ သာမက ဂုဏ်သိက္ခာကို ထိခိုက်နေသည်ကို တွေ့မြင်နိုင်ပါသည်။

လိုင်းကားလာရာသို့ အပြေးအလွှား ပြေးတက်၊ မှတ်တိုင်ရောက်ပါက အပြေးအလွှားဆင်း တိတိပပ သတ်မှတ်ထားခြင်း မရှိသည့် လိုင်းကား မှတ်တိုင်များနှင့် ကားစီးခွင့်ရရန် ပြည်သူတို့ ပြေးလွှားနေကြ ရပုံများသည် အလွန်အမင်း ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုအောက်က မြန်မာ့ လူ့အဖွဲ့အစည်း ၏ သရုပ်သဏ္ဍာန် ဖြစ်သည်။

လိုင်းကားပေါ်တွင်လည်း လူ ၅၀ ဆံ့မည်ဆိုပါက လူ ၁၀၀ ခန့် အတင်းထိုးသိပ် နေရာယူကြရ ပြန်ရာ မိန်းကလေးများ၏ ကာယိန္ဒြေိကို မည်မျှ ထိပါးနေကြောင်း ခရီးသွား ပြည်သူများနှင့် မိန်းက လေးများ အသိဆုံးပင် ဖြစ်သည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများလည်း ရုံးတက်ချိန်နှင့် ရုံးဆင်းချိန်များတွင် လိုင်းကား တိုးစီးကြရန် တိုက်တွန်းလိုပါသည်။ သို့မှသာ ပြည်သူတို့ မည်သို့ ကြုံတွေ့နေရသည်ကို လက်တွေ့ သိမြင်ကာ စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်း အသိပေးလိုပါသည်။

ဆိုခဲ့သကဲ့သို့ တိကျစွာ သတ်မှတ်ထားခြင်း မရှိသည့် မှတ်တိုင်များ၊ လူသွားလမ်းပေါ် ရောက် နေသည့် အိမ်စီးကားများ၊ လူကူးမျဉ်းကျားပေါ် ရောက်နေသည့် ဘလောက်တုံးများကို သက်ဆိုင်ရာ ဌာနများက မသိရှိလေဟန် တူနေရာ ဤအာဘော်ဖြင့် ထပ်မံအသိပေး၊ သတိပေးပါသည်။

လူကူးမျဉ်းကျားပေါ် ရောက်နေသည့် ဘလောက်တုံးများကို ရှောင်ရှားလျက် လမ်းကူးပါသော် လည်း ကားပေါင်းစုံက ရပ်မပေးခြင်းသည်လည်း အကြောင်းအချက် တစ်ရပ်အဖြစ် ပါဝင်လာပါသည်။ လူတို့၏ နိစ္စဓူဝ အလုပ်များနှင့် လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဆိုပါ အခြေအနေများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အာဏာပိုင်တို့က ဖြေရှင်းပေးရမည့် တာဝန်ရှိသည်။

လူသွားလမ်းများ လုပ်ထားသော်လည်း ထိုလမ်းများသည် ရှိသည့်နေရာရှိ မရှိသည့်နေရာ တွင်မရှိ။ အမြင့်ပေ တစ်ပြေးညီမရှိ အလွန်မြင့်မားနေသည့် နေရာများတွင် အလွန်မြင့်မား၊ သာမန်လူ တစ်ဦး ထိုလူသွားလမ်းပေါ် တက်ရန်ပင် မတတ်နိုင်သည့် အခြေအနေဖြစ်နေရာ စနစ်တကျ စီမံခန့်ခွဲ ကြရန် ထပ်မံ တိုက်တွန်းပါသည်။

အလားတူ ယာဉ်မရပ်ရပ်လမ်းဟု သတ်မှတ်ထားသော်လည်း ထိုလမ်းများတွင် ကားများ နှစ်ထပ်ပင် ရပ်ထားသည့် အခြေအနေများ ရှိနေပါသည်။ အန္တရာယ်ကင်းရှင်းရန် လူကူးမျဉ်းကျားမှ ကူးပါဟု ဆိုပါသည်။ ထိုသို့ကူးပါက အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ပင် ရှိနေသည်။

ဆိုင်းဘုတ်များမှ တားမြစ်ချက်များသည် အမှန်တကယ် အသုံးမဝင်ပါက မျက်စိရှုပ်ရုံပင် ရှိပါလိမ့်မည်။ မိမိတို့ နိုင်ငံသူ နိုင်ငံသားများကို လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ပြည့်ဝသော ပြည်သူများအဖြစ် တူတူတန်တန် အခြေအနေများ ဖန်တီးပေးရန် အားလုံးတွင် တာဝန်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags