ကာတွန်းစျေးကွက် ပုံနှိပ်မှ အင်တာနက်သို့ ချဲ့ထွင်လာ

ကာတွန်းစျေးကွက် ပုံနှိပ်မှ အင်တာနက်သို့ ချဲ့ထွင်လာ

ရန်ကုန်၊ စက်တင်ဘာ ၁၈။ ။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကာတွန်းစာအုပ်များသည် စာအုပ်အငှားဆိုင်များတွင် နေရာယူလာရာမှ ယခု အင်တာနက် ဆက်သွယ်ရေးစနစ် ခေတ်စားလာချိန်တွင် အင်တာနက်ပေါ် ကာတွန်းစာအုပ်များ ရောက်ရှိသွားပြီး စာအုပ်ဆိုင်များတွင် ငှားရမ်းဖတ်သူ၊ စာအုပ်ရောင်းချရမှု အရေအတွက် နည်းပါးလာပြီဟု စာအုပ်ဆိုင် လုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။ “မန္တလေးဆိုလည်းအုပ်ရေ ၃၀၀ လောက်ပဲ ပို့ရတယ်။ ကုန်တာလဲ အဲဒီပါတ်ဝန်းကျင်လေးပဲ ကုန်တယ် လုပ်လို့ကို စီပွားရေး လုပ်လို့ကိုမရတဲ့ အခြေအနေမျိုး ဖြစ်တယ်” လောကနတ် စာပေမှ ဦးဇော်ဝင်းဦးက ပြောသည်။ စက္ကူ စာမျက်နှာများပေါ်မှ အင်တာနက်ပေါ်သို့ လူအများ စိတ်ဝင်စားမှုကူးပြောင်းသွားခြင်း၊ အင်တာနက် အသုံးပြုခြင်းကြောင့် အားသာချက်များ ရှိခြင်း၊ အချိန်နှင့် တစ်ပြေးညီဖတ်၍ ရခြင်းစသည့် အားသာချက်များကြောင့်လည်း ဈေးကွက်အနေအထား ပြောင်းလဲ သွားခြင်းဟု သူက ဆိုသည်။ "အားလုံးကတော့ အွန်လိုင်းဘက်ကို ပြောင်းမယ် ထင်တာဘဲ ဘာဖြစ်လိုဆိုတော့ ဒီပေါ်မှာက တစ်ခါထည့်ထားရင် ကြိုက်တဲ့အချိန် ဖတ် ၂၄နာရီ ဖတ်လို့ရတယ်၊ ပျက်လည်းမစီးဘူး ဆိုတော့လေ မဂ္ဂဇင်းတွေ စာဆောင်တွေ ရှိသမျှလဲ အားလုံး လိုက်ပြောင်းကြမှာလို့ ယူဆတယ်" ဟု ဆိုသည်။ ကာတွန်း၊ ရုပ်ပြောင်၊ မဂ္ဂဇင်းများ အပါအဝင် ဂျာနယ်များသည်လည်း မိုဘိုင်းဖုန်းမှ အလွယ်တစ်ကူ ဖတ်ရှုနိုင်သည်အထိ ဈေးကွက်က တောင်းဆိုလာသည်ဟု ပုတက်Mobile App အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ချစ်ခင်က ပြောသည်။ "ဂျာနယ်ကတော့ ပုံမှန်ဘဲအဲဒီငါးထောင် ခြောက်ထောင်ဝန်းကျင်ပေါ့ အဲဒါကတော့ သူဟာသူ ရောင်းနေရတာဘဲ အခုလဲကျွန်တော် ဆက်ထုတ် နေတုန်းပဲ ဒါပေမယ့် Mobile App မှာ ကျတော့ ဖတ်တဲ့သူက ပိုများနိုင်တာပေါ့နော်။ အဓိက ကျွန်တော်တို့ ဆွဲဆောင် ချင်တာတော့ လူကြီးတွေရယ် အခုနောက်ပိုင်း ကလေးတွေကလည်း ဒါတွေကိုဖုန်းထဲမှာ ပိုပြီးတော့ အချိန်ကုန်ကြတယ် ဒါမျိုးတွေ အလွယ်တကူ ရအောင်ပေါ့နော် ဒါမျိုးလေး ကျွန်တော် စီစဉ်ဖြစ်တာ" ဟု ဆိုသည်။ ကာတွန်းလောကတွင် တွတ်ပီ အမည်ဖြင့် တစ်ချိန်က အောင်မြင်ခဲ့ပြီး ကွယ်လွန်သွားရှာပြီဖြစ်သူ ဓနုဖြူ ဆွေးမင်း၏ ဇနီးဖြစ်သူ ဒေါ်မို့မို့စန်းကလည်း သူ့အမျိုးသား ရေးဆွဲခဲ့သည့် တစ်ချိန်က ကာတွန်းခေတ်များလို မဟုတ်တော့ဟု ဆိုသည်။ "စာကို သိပ်မဖတ်ကြတော့ဘူး ဆိုတော့ သူတို့က တယ်လီဖုန်းဘဲ ကြည့်တယ် အင်တာနက်တွေဘဲ သုံးကြတာဆိုတော့လေ စာအုပ်က တကယ့်ဝါသနာရှင်တွေ လောက်ဘဲဝယ်ပြီးတော့ စုတယ်၊ စာအုပ်ငှားဆိုင်တွေကလည်း ပျောက်သွားတယ် ပျောက်သွားတဲ့အတွက် စာအုပ်ရောင်းအားက တစ်အားကို ကျသွားတယ်" ဟုပြောသည်။ စာအုပ်အငှားဆိုင်နှင့် စာအုပ်ဆိုင်များ၏ ဈေးကွက်ကို မိုဘိုင်ဖုန်း အင်တာနက် အသုံးပြုခြင်းက နေရာယူလာခဲ့ပြီး ပုံနှိပ်ထုတ်ဝေသည့် စက္ကူဈေးကလည်း ပုံနှိပ်လုပ်ငန်းလုပ်ကိုင်နေသူများအတွက် စိန်ခေါ်ချက်များ ရှိနေသည်ဟု အဆိုပါ လုပ်ငန်း လုပ်ကိုင်သူများက ဆိုကြသည်။ အလားတူ အခမဲ့ရနိုင်သည့် Mobile App များကလည်း ထိုးနှက်ချက်တစ်ခုဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly