ချင်းအသင်း မန်နေဂျာ ဦးဆန်းဝင်း အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲ

ချင်းအသင်း မန်နေဂျာ ဦးဆန်းဝင်း အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲ
ဧရာဝတီအသင်းကို ကိုင်တွယ်စဉ်က ဦးဆန်းဝင်းကိုတွေ့ရစဉ်။(ဓာတ်ပုံ- ဧရာဝတီယူနိုက်တက်)

စက်တင်ဘာ ၁၈၊ ရန်ကုန်။   ။ မြန်မာနေရှင်နယ်လိဂ် ကလပ် ချင်းယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီမှ အသင်းသို့ ပြောင်းရွေ့လာခဲ့သော အသင်းမန်နေဂျာ ဦးဆန်းဝင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်သည် ဟု  စီအီးအို ဦးဒိုခန်ခုပ်က ပြောသည်။

ဦးဆန်းဝင်းသည် မြန်မာနေရှင်နယ်လိဂ်တွင် ၂၀၀၉ နှင့် ၂၀၁၄ ခုနှစ်များ၌ ဧရာဝတီအသင်းကို နှစ်ကြိမ်တိုင် နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးသလို ၂၀၁၁ တွင် ကမ္ဘောဇအသင်း၊၂၀၁၃ တွင် ချင်းယူနိုက်တက်အသင်းတို့၌လည်း နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

“ ဦးဆန်းဝင်းနဲ့ အသင်းနဲ့က နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာပါ။ ဘာပြဿနာမှ မရှိပါဘူး။ သူ့ကျန်းမာရေး အခြေအနေကြောင့် နားချင်တာလို့ ထင်ပါတယ်။ လက်ရှိတော့ သူ့နေရာကို အစားထိုးခန့်ဖို့ မရှိသေးပါဘူး။ အသင်းရဲ့ နည်းပြချုပ် ဦးစိုးတင့်ကိုပဲ တာဝန်အားလုံးပေးအပ်ဖို့ စီစဉ်ထားပါတယ်။ ဒီရာသီမှာ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် အားလုံးကြိုးပမ်းဆောင်ရွက်နေပါတယ် ” ဟု ဦးဒိုခန်ခုပ်က ပြောသည်။

ချင်းယူနိုက်တက်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ ကစားပြီးချိန်၌ လေးပွဲနိုင် လေးပွဲသရေ ရှစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် ၁၆ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ခုနစ်နေရာတွင် ရပ်တည်လျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly