၂၀၁၇ ခုနှစ်မှသာ ရွေးကောက်ပွဲ ကျင်းပနိုင်ဟု ထိုင်းဝန်ကြီးချုပ်ပြော

၂၀၁၇ ခုနှစ်မှသာ ရွေးကောက်ပွဲ ကျင်းပနိုင်ဟု ထိုင်းဝန်ကြီးချုပ်ပြော

စက်တင်ဘာ ၁၈ ။       ။ နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၁၇ ဇူလိုင်လတွင် ကျင်းပနိုင်ပြီး စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လုပ်ငန်းစဉ်များကို ရှေ့တိုးလုပ်ဆောင်လျက် ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

၂၀၁၄ ခုနှစ် မေလက စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲများ ပြန်လည် ကျင်းပမည့်အချိန်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းလာခဲ့သည့်အပြင် ပြီးခဲ့သည့် ၁၀ ရက်ခန့်ကလည်း စစ်အစိုးရကျောထောက်နောက်ခံ အမျိုးသား ပြုပြင်ပြောင်းလဲရေးကောင်စီ NRC က ဖွဲ့စည်းပုံသစ်တစ်ခုကို ပယ်ချလိုက်ခြင်းကြောင့် နောက်ထပ် တစ်နှစ်ခန့် နှောင့်နှေးသွားခြင်းဖြစ်သည်။

" လာမယ့်ရွေးကောက်ပွဲကတော့ ၂၀၁၇ ဇူလိုင်လ ဝန်းကျင်လောက်မှ ကျင်းပနိုင်ပါလိမ့်မယ်၊ အဲဒီ့ထက်တော့ စောမှာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အစိုးရကတော့ လုပ်စရာရှိတဲ့အလုပ်ကို အစွမ်းကုန် လုပ်နေပါတယ်" ဟု ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆိုသည်။

ယခုအခါ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်အပေါ် အတိုက်အခံအုပ်စုတို့က အာဏာကို ဆက်လက်ဖက်တွယ်ထားရန် လုပ်ဆောင်နေကြောင်း ဝေဖန်ပြောကြားမှုများလည်း ရှိနေခဲ့သည်။

၎င်းသည် ဘီလျံနာ သက်ဆင်ရှင်နာဝါထရာ မိသားစု ဦးဆောင်ခဲ့သည့် ရွေးကောက်ခံအစိုးရတစ်ရပ်၏ ဆယ်စုနှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေကာ စစ်တပ်က ဖြုတ်ချမှုဖြစ်စဉ်ကို ဦးဆောင်ခဲ့သူ လည်းဖြစ်သည်။

ပရာယွတ်က ၎င်းအနေဖြင့် မိမိတို့ နိုင်ငံ ချောက်ထဲကျမည့်အရေးမှ ကယ်တင်ရန် အလို့ငှာ နိုင်ငံရေးသမားများနှင့် လမ်းပေါ်ထွက်ဆန္ဒပြသမားများအကြား မတတ်သာပဲ ကြားဝင်ဖြေရှင်း ခဲ့ရသည့် ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ကျူးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly