တောင်တရုတ်ပင်လယ်ကို တရုတ်ပိုင်ဟု ပြောဆိုချက်များကို အမေရိကန် ဂရုမစိုက်သင့်ဟု မက္ကိန်းပြော

တောင်တရုတ်ပင်လယ်ကို တရုတ်ပိုင်ဟု ပြောဆိုချက်များကို အမေရိကန် ဂရုမစိုက်သင့်ဟု မက္ကိန်းပြော

ဝါရှင်တန်၊ စက်တင်ဘာ - ၁၈ ။           ။ တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက် ပိုင်ဆိုင်မှုကို ခိုင်မာစေရန်အတွက် ပေကျင်းက တည်ဆောက်နေသည့် ကျွန်းတုများ၏ ၁၂ မိုင်နယ်နိမိတ်အတွင်း သို့ရေတပ်သင်္ဘောများကို ခုတ်မောင်းခြင်းဖြင့် အမေရိကန်စစ်တပ်က အင်အားပြရန် ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်များက ပင်တဂွန်ကို ဖိအားပေးခဲ့သည်။

ကျွန်းများမှာ ၎င်း၏ပိုင်နက်ဖြစ်ကြောင်း တရုတ်၏ပြောကြားချက်ကို အမေရိကန်က အသိအမှတ်မပြုကြောင်း ပြတ်ပြတ်သားသားဖော်ပြရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၁၂ မိုင်နယ်နိမိတ် အတွင်းသို့ ဝင်ရောက်ဖို့လိုအပ်ကြောင်း အရီဇိုးနားပြည်နယ် ရီပတ်ဘလီကင်အမတ်လည်းဖြစ်၊ ဆီးနိတ်လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီ၏ ဥက္ကဌလည်းဖြစ်သည့် ဂျွန်မက္ကိန်းက ပြောကြားခဲ့သည်။

''တရားဝင်မဟုတ်ပေမယ့်လည်း တရုတ်နိုင်ငံရဲ့ အချုပ်အခြာပိုင်မှုပြောဆိုချက်ကို အခြေအနေအရ အသိအမှတ်ပြုတာဟာ အန္တရာယ်ကြီးမားတဲ့ အမှားတစ်ခုပဲ''ဟု မက္ကိန်းက စက်တင်ဘာ ၂၅ ရက် တရုတ်သမ္မတ၏ အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးမတိုင်မီ ကျင်းပသော ကော်မတီ၏ ကြားနာမှုတစ်ခုတွင် မက္ကိန်းက ပြောကြားခဲ့သည်။

သမ္မတ ဘားရက်အိုဘားမားက မကြာသေးမီက အလာ့စကာသို့ အလည်အပတ်ခရီးကို အဆုံးသတ်လိုက်စဉ်တွင် တရုတ်က နိုင်ငံတကာဥပဒေကို မချိုးဖောက်သော်လည်း ၎င်း၏ ရေတပ်သင်္ဘောများကို အလူးရှန်းကျွန်း၏ ရေမိုင်၁၂မိုင် နယ်နိမိတ်အတွင်းသို့ စေလွှတ်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း ၎င်း၏ ရေကြောင်းသွားလာမှု အခွင့်အရေးကို အင်အားသုံး၍ ခိုင်မာစေသင့်သည် ဟုမက္ကိန်းက ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ်ကစ၍ အမေရိကန်သင်္ဘောများမှာ ၁၂မိုင် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခုတ်မောင်းခြင်းမရှိခဲ့ဟု အာရှနှင့် ပစိဖိတ်လုံခြုံရေးဌာနမှ လက်ထောက်ကာကွယ်ရေးအတွင်းဝန် ဒေးဗစ် ရှီးရားက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မကြာသေးမီက တရုတ်က ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကျွန်းများပေါ်မှ တိုက်ရိုက်ပျံသန်းမှုလည်း မပြုလုပ်ခဲ့ကြောင်း အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်မှ အငယ်တန်းတပ်မှူး ဟယ်ရီ ဟားရစ်က ပြောကြားခဲ့သည်။

''မက္ကဆီကို ပင်လယ်ကွေ့ကို မက္ကဆီကို မပိုင်သလို၊ တောင်တရုတ်ပင်လယ်ကိုလည်း တရုတ်မပိုင်ဘူးဆိုတာ ကျနော်သဘောတူပါတယ်''ဟု ဟားရစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly