၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တည်ထောင်ရေး တရုတ်နှင့် မြန်မာဆွေးနွေး

၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တည်ထောင်ရေး တရုတ်နှင့် မြန်မာဆွေးနွေး

စက်တင်ဘာ ၁၈ ။        ။ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာကျန်းကောင်းလိတို့ စက်တင်ဘာ ၁၇ ရက်နေ့ ကတွေ့ဆုံပြီး ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တည်ထောင်ရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးကြသည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၁၂ ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ် - အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

တရုတ်ဒုတိယဝန်ကြီးချုပ် မစ္စတာကျန်းကောင်းလိနှင့် လိယွမ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ် - တရုတ် - အိန္ဒိယ - မြန်မာ တို့ပူးပေါင်းဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့ BCIM ၏ စီးပွားရေး စြင်္ကန်ထူထောင်ရေး၊ တရုတ်နိုင်ငံ၏ ပိုးလမ်းမစီးပွားရေး ရပ်ဝန်းကိစ္စများလည်း ဆွေးနွေးကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များအား တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့် ရောင်းချနိုင်ရေးကိစ္စများလည်း ထည့်သွင်း ဆွေးနွေးကြသည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲသို့ ဒုတိယသမ္မတနှင့်အတူ စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့မှ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးတို့လည်း တက်ရောက်ကြသည်။

နန်နင်းမြို့တွင် စက်တင်ဘာ ၁၈ မှ ၂၁ ရက် အထိကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံ - တရုတ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ ''၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကို ပူးတွဲတည်ဆောက်ရာတွင် ပင်လယ်ရေကြောင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အခြေပြမြေပုံတစ်ရပ်ဖြစ်ပေါ်လာစေရေး'' ဖြစ်သည်။

အာဆီယံ-တရုတ် အပြန်အလှန်ရင်းနှီးမြှပ်မှုပမာဏမှာ ၂၀၁၄ ခုကုန်အထိ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၃၀ အထိ ရှိခဲ့သည်ဟု ဇူလိုင် ၂၉ ရက်နေ့ ပီကင်းမြို့၌ ပြုလုပ်သည့် နန်နင်းကုန်စည်ပြပွဲ အကြို သတင်းစာရှင်းပွဲတွင် တရုတ်ဖက်က ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ တံတားတည်ဆောက်ခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း များ တည်ထောင်ခြင်း စသည့် စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နေသည်။

နန်နင်းကုန်စည်ပြပွဲနှင့် ရင်နှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတွင် အာဆီယံ-တရုတ် အကြား လွတ်လပ်စွာကုန်သွယ်ခွင့် ကိစ္စကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်။

ပြပွဲနှင့် ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး စင်တာ-ITC အဖွဲ့ကြီးများအပါအဝင် အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစထြေးလျ၊ ဟန်ဂေရီ၊ တူရကီနှင့် တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်းမှ ကိုယ်စားလှယ်များ လည်း တက်ရောက်ကြမည်ဖြစ်သည်။

Ref; MOI, The 12th CAEXPO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly