ရွေးကောက်ပွဲ မဲဆွယ် ကတိစကားများရဲ့ အတိိမ်အနက်

ရွေးကောက်ပွဲ မဲဆွယ် ကတိစကားများရဲ့ အတိိမ်အနက်

ယခုအခါ မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲ ပါဝင် အရွေးချယ်ခံကြတော့မည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေကြပြီ ဖြစ်သည်။

မဲပေးရွေးချယ်ကြရမည့် ပြည်သူတွေကလည်း ထို မဲဆွယ်စည်းရုံးရေး ဆင်းကြသည့် ကိုယ်စားလှယ်လောင်းများရဲ့ အပြုအမူ အပြောအဆို သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုနှင့် သူတို့ရဲ့ သမိုင်းကို အကဲခတ် ဆုံးဖြတ်လျက် မည်သူ့ကို မဲပေးသင့် မသင့် ချင့်ချိန်ကြရ ဆုံးဖြတ်ကြရသည်။

ယခုအခါ မဲဆွယ်စည်းရုံးရေး ဆင်းကြသည့် ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်စည်းရုံးရေး စကားများကိုလည်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မြင်ကြရ ကြားလာ နေကြရသည်။

သည်လိုမြင်ကွင်းမျိုး သည်လိုစကားမျိုးနှင့် သည်လိုပတ်ဝန်းကျင် အခြေအနေများ မကြားကြရ မမြင် ကြရသည်မှာ နှစ်ပေါင်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီမို့ မင်္ဂလာရှိသော မြင်ကွင်းများ စကားများဖြစ်သည် ကိုမူ မည်သူမျှ ငြင်းနိုင်ကြလိမ့်မည် မထင်ပါ။ အထူးသဖြင့် အသက် ၂၀ ကျော် ၃၀ အောက် လူငယ် များမှာ ဒီမိုကရေစီ ရွေးချယ်တင်မြှောက်ပွဲ ရွေးကောက်ပွဲကို ကိုယ်တိုင် စတင်မြင်တွေ့ခွင့် ရကြပြီဖြစ် သဖြင့် တိုင်းပြည်အတွက် အစဉ်အလာကောင်းသည့် သမိုင်းအတွေ့အကြုံ တစ်ခုလည်း ဖြစ်ပါ သည်။

မိမိတို့ ပြည်သူများသည် စစ်မှန်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အမျိုးအစားမျိုးနှင့် မတွေ့မ ကြုံရသည်မှာလည်း ရာစုနှစ် တစ်ဝက်ကျော်ခဲ့ပြီ ဖြစ်သလို ရွေးချယ်ခံကြမည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများသည်လည်း စစ်မှန်သည့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းအတွေ့အကြုံများကို တွေ့ဖူး ကြုံဖူးသူ နည်းကြမည် ဖြစ်သည်။ ထို့ကြောင့် မဲဆွယ်စည်းရုံးရေးကာလ ပြောမှုဆိုမှု မဲဆွယ်မှု အခြေအနေများမှာလည်း မိမိတို့အတွက် စိတ်ဝင်စားဖွယ် ကောင်းနေသည်မှာလည်း အသေအချာပင် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက သူသာ အရွေးချယ်ခံရပါက သူအရွေးချယ်ခံရ သည့် နယ်မြေတွင် လမ်းတွေ ခင်းပေးမည်ဟု ကတိပေး မဲဆွယ်သည်ကို ကြားရသည်။ အခြားတစ်ဦး ကမူ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သောအားဖြင့် လူမျိုးခြားများကို ပိုတင်းကြပ်သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်အောင် လုပ်မည်ဟု ကတိပေး စည်းရုံးသည်။ အခြားတစ်ယောက်ကမူ ဒီမိုကရေစီခေတ် ကြီးနေ့ချင်းညချင်း ဖြစ်လာအောင် လုပ်ပေးမည်ဟု ကတိပေးသည်။ အခြားကိုယ်စားလှယ် တစ်ဦးကမူ ပဒေသာပင်ကြီး ပေါက်လာအောင် လုပ်ပေးမည်ဟု ကတိပေးသည်။ အခြားတစ်ယောက် ကမူူ လူမျိုးခြား ဘာသာခြားနှင့် နိုင်ငံခြားများကို မုန်းတီးသည့် အမုန်းစိတ်ကို အခြေခံသည့် ကတိစ ကားများ ပေးသည်။ အခြားတစ်ယောက်ကမူ လူတိုင်း ချမ်းသာကြွယ်ဝလာအောင် လုပ်ပေးမည်ဟု ကတိပေး သည်။

မိမိတို့တိုင်းပြည်တွင် စစ်မှန်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲများ ရာစုနှစ်တစ်ဝက်ကျော် မရှိခဲ့ သဖြင့် ယင်းဒီမိုကရေစီ၏ အခွင့်အာဏာ၊ စီမံအုပ်ချုပ်ပိုင်ခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ် အတွေ့ အကြုံများ ဆင်းရဲမွဲတေလှသည့် အဖြစ်ကို ယင်းလွှတ်တော် ကိုယ်စားလှယ်များရဲ့ စည်းရုံးရေး ကတိ စကားများကို ကြည့်လျှင် ထင်ရှားစွာ သိနိုင်ကြမည် ဖြစ်သည်။

အမှန်တကယ်အားဖြင့်ဆိုလျှင် မိမိတို့အားလုံး လာမည့် ရွေးကောက်ပွဲ တစ်ခုတည်းဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို နေ့ချင်းညချင်း တည်ဆောက်လို့ရသည့် အဆုံးအဖြတ်ကို မပေးနိုင်ပါ။ပေးနိုင်သည့် အခြေအနေ ပတ်ဝန်းကျင်လည်း မဟုတ်ပါ။ ဥပမာ နှစ်ပေါင်းများစွာ အခြေတည်လာ  ခဲ့သည့် အာဏာရှင် အငွေ့အသက်များ၊ ဒီမိုကရေစီလမ်းကြောင်းကို ပိတ်ဆို့ထားသည်ဟု ယူဆရသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိနေဆဲဖြစ်သည်ဟု ဝေဖန်ခံနေရမှုများ ရှိနေသေးသည့် အချိန် တွင် ရုတ်တရက် ချက်ချင်း မဖြစ်နိုင်သည့် ကတိစကားများကို မဲဆန္ဒရှင်များထံ အလွယ်တကူ ကတိ ပေးရန် မသင့်ချေ။ ပေးလို့လည်း မရနိုင်ပါချေ။

ထို့ကြောင့် ပြည်သူများသည် တချို့သော လွှတ်တော် ကိုယ်စားလှယ်လောင်းများရဲ့ ကတိ လွယ်လွယ်ပေးတတ်မှု၊ လူပိန်းကြိုက် ကတိများ ပေးတတ်မှု၊ ရန်လိုမုန်းတီးမှုကို အခြေခံသော ကတိ များပေးတတ် မှုနှင့် တကယ်စစ်မှန်ပြီး ဒီမိုကရေစီ အပြောင်းအလဲကို တိုက်ရိုက် အထောက်အကူပြု သည့် ကတိစကားများကို မှန်ကန်စွာ ရွေးချယ်သုံးသပ် နိုင်ပါစေကြောင်း တိုက်တွန်း တင်ပြလိုက်ရ ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags