စီနီယာကစားသမားများနေရာ ဖြည့်ပေးနိုင်မည့် ကစားသမားမျိုးမရှိသေး ဟု ဒေါ်သက်သက်ဝင်း ဆို

စီနီယာကစားသမားများနေရာ ဖြည့်ပေးနိုင်မည့် ကစားသမားမျိုးမရှိသေး ဟု ဒေါ်သက်သက်ဝင်း ဆို
ထိုင်းအမျိုးသမီးအသင်းနှင့်ပွဲတွင် ပွဲထွက်လာသော မြန်မာအမျိုးသမီးအသင်းအား တွေ့ရစဥ။် (ဓာတ်ပုံ-MFF)

စက်တင်ဘာ ၁၇၊ ရန်ကုန်။            ။ ၂၀၁၆ အိုလံပစ် ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် စီနီယာကစားသမားအချို့ ဒဏ်ရာပြဿနာရှိနေပြီး ယင်းကစားသမားများနေရာ ဖြည့်ပေးနိုင်မည့် ကစားသမားမျိုးမရှိသေး ဟု အမျိုးသမီးနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ထိုင်းအသင်းကို ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာအမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် မြဖူးငုံ၊ ရီရီဦး စသည့်ကစားသမားများသာ စီနီယာကစားသမားများအဖြစ် ပွဲထွက်နိုင်ခဲ့ပြီး စန်းစန်းမော် (လူစားဝင်) ၊ သန်းသန်းထွေး၊ ခင်မာလာထွန်းတို့မှာ ဒဏ်ရာကြောင့် ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

“ ရှုံးခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ပြိုင်ပွဲက မပြီးသေးပါဘူး။ နောက်နှစ်ပွဲကျန်ပါသေးတယ်။ လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ရရှိအောင်ကြိုးစား သွားမှာပါ။ ထိုင်းလို အသင်းမျိုးကို ဒီလောက်ထိယှဉ် ကစားနိုင်ခဲ့တာကစား သမားတွေကို ချီးကျူးချင်ပါတယ်။ မြန်မာအမျိုးသမီး လက်ရွေးစင်ကစားသမားတွေကို ရွေးချယ်ရာမှာ အခက်အခဲတွေအများကြီး ရှိတယ်။  စီနီယာ ကစားသမားတွေနေရာကို  ဖြည့်ပေးနိုင်မယ့် ကစားသမားမျိုးတွေ မရှိသေးဘူး။ ခြေစမ်းပွဲ ကစားတာနည်းတာကြောင့်လည်း ကစားသမားတွေအနေနဲ့ ပွဲအပေါ်မှာစိုးရိမ်မှုတွေ ရှိခဲ့တယ် ” ဟု ဒေါ်သက်သက်ဝင်း ကပြောသည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် ၂၀၁၆ အိုလံပစ် ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပြိုင်ပွဲတွင် အုပ်စုပွဲစဉ် နှစ်ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် သုံးမှတ်ဖြင့် အုပ်စုတွင်းအမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly