ကျွန်တော့် အနာဂတ်ကို ဘောလုံးအဖွဲ့ချုပ်ကပဲ ဆုံးဖြတ်နိုင်တယ်

ကျွန်တော့် အနာဂတ်ကို ဘောလုံးအဖွဲ့ချုပ်ကပဲ ဆုံးဖြတ်နိုင်တယ်

မြန်မာ့လက်ရွေးစင်နည်းပြချုပ် အေဗရာမိုဗစ်နှင့် တွေ့ဆုံခြင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲကစားပြီးချိန်ထိ နိုင်ပွဲတစ်ပွဲမှ မရရှိသေးသလို ကူဝိတ်အသင်းနဲ့ပွဲမှာ စံချိန်တင် ရှုံးနိမ့်ခဲ့တဲ့အတွက် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်အပေါ် ပရိသတ်များက ဝေဖန်ပြောဆိုမှုတွေ များလာပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာ မိုဗစ်ရဲ့မြန်မာအသင်းဟာ နိုင်ပွဲမရသေးတဲ့စံချိန်ကို ဆက်ထိန်းထားနိုင်ဆဲပါ။ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် အေဗရာမိုဗစ်ရဲ့ နည်းပြရာထူးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်မလား ဆိုတာကိုတော့ ကျွန်တော်တို့ Hyper Sports က အခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး ။ ။ ပထမဦးဆုံး ကူဝိတ်အသင်းကို စံချိန်တင် ဂိုးပြတ်ရှုံးခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုအပေါ် ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ကူဝိတ်အသင်းနဲ့ပွဲ ရလဒ်နဲ့ ပတ်သက်လို့ စိတ်မကောင်းပါဘူး။ ကျွန်တော့်နည်းပြဘဝမှာ ဒီလိုရှုံးတာက ပထမဆုံးတော့ မဟုတ်ပါဘူး။ စင်ကာပူအသင်းမှာတုန်းကလည်း အိုမန်ကို ဂိုးပြတ်ရှုံးဖူး ပါတယ်။ အဲဒီတုန်းက အသင်းဆို ဒီထက်တောင် ကစားသမား ပိုတောင့်တင်းပါသေးတယ်။ အသင်းရဲ့ အမှားတွေကို ပြန်ပြင်ပြီး အကောင်းဆုံး ပြန်တည်ဆောက်သွားမှာပါ။ မြန်မာကစားသမားတွေကတော့ အရင်ထက်စာရင် စိတ်ဓာတ်ရော၊ ကြိုးစားမှုအနေအထားရော ကတော့ ကျေနပ်ဖို့ ကောင်းပါတယ်။ အဓိကရည်မှန်းချက်ကတော့ လာမယ့် ဆူဇူကီးဖလား အိမ်ရှင်ကျင်းပမယ့်ပွဲ ပါပဲ။

မေး ။ ။ မြန်မာအသင်းရဲ့ ရလဒ်ပိုင်းဆိုးဝါးမှုတွေက လက်ရှိနည်းပြရာထူးအပေါ် သက်ရောက်မှု ရှိနိုင်မလား။

ဖြေ ။ ။ ကျွန်တော်မြန်မာအသင်းကို ဆက်တာဝန်ယူခွင့်ရမယ် မရဘူးဆိုတာက ဘောလုံးအဖွဲ့ချုပ်ပေါ် မူတည်ပါတယ်။ ကမ္ဘာမှာလည်း ဒီအတိုင်းပါပဲ အဖွဲ့ချုပ်ကပဲ နည်းပြကို ခန့်တယ် မခန့်ဘူး ဆုံးဖြတ် တာပါ။ လက်ရှိမြန်မာအသင်းက တည်ဆောက်နေဆဲကာလမှာ ဒီလိုရလဒ်မျိုး ရှိတတ်ပါတယ်။ ကျွန်တော့်အနာဂတ်ကို ဘောလုံးအဖွဲ့ချုပ်ကပဲ ဆုံးဖြတ်နိုင်ပါတယ်။ စင်ကာပူအသင်းတုန်းကလည်း အီရန်၊ အိုမန်တို့ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် မဖြုတ်ခဲ့ပဲ ဆက်တာဝန်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း အာရှဆူဇူကီးဖလား သုံးကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒီအတွက်နောက်ပွဲတွေမှာ မြန်မာ အသင်းရဲ့ ရလဒ်ကို စောင့်ကြည့်စေချင်ပါတယ်။

မေး ။ ။ ခြေစစ်ပွဲတွေမှာ လူငယ်ကစားသမားလေးတွေကို ပွဲထွက်ခွင့် မပေးတဲ့အပေါ်မှာရော ပရိသတ်တွေက သိချင်နေကြတယ်။

ဖြေ ။ ။ အသင်းက ယူ-၂၀၊ ယူ-၂၃ လူငယ်ကစားသမားတွေက ကောင်းပါတယ်။ ငယ်လည်းငယ်တဲ့အတွက် အတက်အဆင်း ကစားနိုင်ပါတယ်။ ဒါပေမယ့် အသင်းမှာ အံဝင်ဖို့ကိုတော့ အချိန်ယူရပါဦးမယ်။ သန်းပိုင်၊ အောင်သူ၊ ရဲကိုဦး စတဲ့ ကစားသမားလေးတွေက ကောင်းပေမယ့် အသင်းနဲ့ အတွဲအဖက်မိဖို့ လိုနေပါသေးတယ်။ နယူးဇီလန်ပွဲမှာ နောက်တန်းကစားသမားလေးတွေ အပါအဝင် ဂိုးသမား မျိုးမင်းလတ်လည်း အကောင်းဆုံး ကစားနိုင်ခဲ့တာတွေ့ရပါတယ်။ အချိန်ယူဖို့တော့ လိုပါသေးတယ်။

မေး ။ ။ လာမယ့် လက်ဘနွန်နဲ့ ခြေစစ်ပွဲမှာ အသင်းကို ဘယ်လိုရလဒ်မျိုးထွက်အောင် စွမ်းဆောင်ပြနိုင်မလဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့ နယူးဇီလန်နဲ့ ခြေစမ်းပွဲမှာ ကစားသွားတဲ့ ကစားသမားလေးတွေရဲ့ စွမ်းဆောင်ရည်က ကျေနပ်ဖို့ကောင်းပါတယ်။ အောင်ဇော်၊ ဇော်လင်းထွန်းနဲ့ ဒေးဗစ်ထန်းရယ်ကတော့ လက်ဘနွန်နဲ့ပွဲကို လွဲချော်မှာပါ။ ဒါကြောင့် ဇော်လင်း၊ ဖြိုးကိုကိုသိန်း၊ နန္ဒကျော်တို့ ခံစစ်အတွဲနဲ့ ကစားဖို့ ဖြစ်နိုင်ပါတယ်။ ဒီနယူးဇီလန်ပွဲ စိတ်ဓာတ်အတိုင်း လက်ဘနွန်နဲ့ ပွဲမှာ ကစားနိုင်ရင် ရလဒ်ကောင်းရဖို့ မျော်လင့်ထား ပါတယ်။

မေး ။ ။ လက်ရှိလူအင်အားနဲ့ အာရှဖလားခြေစစ်ပွဲအောင်ဖို့ အာမခံနိုင်သလား။(ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွင် အုပ်စု တတိယနေရာ၌ ရပ်တည်နိုင်ပါက အာရှဖလားခြေစစ်ပွဲအောင်မည်ဖြစ်သည်။)

ဖြေ ။ ။ ကျွန်တော် ဘာကိုမှ အာမ မခံနိုင်ပါဘူး။ အုပ်စုတတိယနေရာရရင် အာရှဖလားခြေစစ်ပွဲအောင်မယ်ဆိုပေမယ့် စတုတ္ထနေရာရဖို့တောင် မပြောနိုင်ပါဘူး။ ဒီအစုအဖွဲ့ကို လေ့ကျင့်ချိန် တစ်လပဲရသေး တာပါ။ စင်ကာပူကို ဆူဇူကီးချန်ပီယံသုံးကြိမ်ရအောင်လုပ်ပေးခဲ့တယ် ဆိုပေမယ့် အချိန် ခြောက်နှစ်လောက်ယူခဲ့ရတာပါ။ ကျွန်တော့်ကို အချိန်ပေးဖို့လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly