ကချင်နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဂျပန်-မြန်မာ လက်မှတ်ထိုး

ကချင်နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဂျပန်-မြန်မာ လက်မှတ်ထိုး
Photo Credit - GNLM

စက်တင်ဘာ ၁၇ ရက် ။           ။ ကချင်နှင့် ချင်းပြည်နယ်အတွင်း မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့တွင် အသုံးပြုရေး အထောက်အကူကိစ္စ ဂျပန်နိုင်ငံနှင့် မြန်မာအကြား စက်တင်ဘာ ၁၆ တွင် နားလည်မှုစာချွန်လွှာရေးထိုးသည်။

စီမံကိန်း နားလည်မှုစာချွန်လွှာ သဘောတူညီမှု ၃ ခု အရ ဂျပန်က အမေရိကန်ဒေါ်လာ ၃၄.၆ သန်း အထောက်အကူပေး မည်ဖြစ်ပြီး ဂျပန်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ၏ခြေလှမ်းသစ်တစ်ရပ် အဖြစ် GNLM သတင်းစာကဖော်ပြသည်။

မြန်မာနိုင်ငံဖက်မှ စီမံ/စီးပွား ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တေရှီဟီဂုချီ တို့ လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က ကချင်နှင့် ချင်းပြည်နယ် ကျေးလက်ဒေသတွင် လမ်းဆောက်လုပ်ရေးအတွက် အကူအညီများပေးသွားမည်ဖြစ်ပြီး ၂၀၁၇ ခု အစောပိုင်းတွင် ဆောက်လုပ်ရေးပစ္စည်းများ ရောက်ရှိမည်ဟု ခန့်မှန်းကြောင်း ဇူလိုင် ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခု၌ ပြောဆိုခဲ့သည်။

JICA က လမ်းပမ်းဆက်သွယ်ရေးမဖွံ့ဖြိုးသည့် ဒေသများ၌ ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာနှင့် ထောက်အကူပြု ပစ္စည်းများ ကူညီနေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင်လည်း လမ်းဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်နေသည်ဟု သိရသည်။

မတ်လ ၂၄ ရက်နေ့ကလည်း ဂျပန်နိုင်ငံ၏ Grass-roots Human Security Projects (GGP) အစီအစဉ်အောက်မှ ကယား၊ ကချင်နှင့် ချင်းပြည်နယ်တွင် ကျန်းမာရေးဌာနများ တည်ဆောက်ခြင်းနှင့် အထက်တန်းကျောင်း ဆောက်လုပ်ရေး တို့အတွက် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကူညီခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly