ရွှေ့ပြောင်းဒုက္ခသည်များအပေါ် ဟန်ဂေရီအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ကုလ ပြင်းထန်စွာ ဝေဖန်

ရွှေ့ပြောင်းဒုက္ခသည်များအပေါ် ဟန်ဂေရီအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ကုလ ပြင်းထန်စွာ ဝေဖန်

စက်တင်ဘာ ၁၇ ။         ။ ဥရောပ ရွှေ့ပြောင်းဒုက္ခသည်များအရေးတွင် ဟန်ဂေရီနိုင်ငံ၏ ကိုယ်တွယ်လုပ်ဆောင်ပုံမှာ မည်သို့မျှ လက်ခံနိုင်စရာမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကပြင်းထန်စွာ ပြစ်တင်ပြောကြားလိုက်သည်။ ဟန်ဂေရီ ရဲများသည် ဆားဘီးယားနှင့်ထိစပ်နေသော နယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက် များသုံးကာ လူစုခွဲခဲ့ခြင်းဖြစ်သည်။

"ဒုက္ခသည်တွေအပေါ် ဒီလိုမျိုး ပြုမှုလိုက်တာကို သိရတော့ ကျွန်တော် အရမ်းပဲ တုန်လှုပ်မိပါတယ်၊ ဒီလိုလုပ်ရပ်မျိုးကို လက်ခံနိုင်စရာ မရှိပါဘူး" ဟု သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် မစ္စတာ ဘန်ကပြော ကြားသည်။

အဆိုပါရွှေ့ပြောင်းလာသူများသည် စစ်ပွဲများ နှင့် ညှင်းပန်းနှိပ်စက်မှု အခြေအနေများမှ တိမ်းရှောင်လာကြရသူများ ဖြစ်သည့်အတွက် ၎င်းအပေါ်တွင် ထောက်ထားကြင်နာမှုများဖြင့် ကိုင်တွယ်ဖြေရှင်း ရမည်ဖြစ်ကြောင်း  ဘန် က အလေးထား ပြောဆိုလိုက်သည်။" သူတို့ကို ကူညီနိုင်ဖို့ ကျွန်တော်တို့ဆီမှာ ကြင်နာထောက်ထားတဲ့ လက်တစ်စုံ ရှိတယ်ဆိုတာ ပြရမှာပါ၊ လူ့ဂုဏ်သိက္ခာနှင့် အညီကျွန်တော် တို့လုပ်ဆောင်ရပါလိမ့်မယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က ဟန်ဂေရီအစိုးရက ဆာဘီးယားနှင့် ထိစပ်နေသည့် တောင်ဘက်နယ်စပ်တစ်လျောက်ကို ပိတ်ဆို့ထားရန်ညွန်ကြားပြီးနောက်ပိုင်း နယ်စပ်တွင် ရဲများနှင့် ရာပေါင်းများ စွာသော ရွှေ့ပြောင်းလာသူများကို နာရီပေါင်းများစွာကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ ရှိခဲ့သည်။

ရွှေ့ပြောင်းလူစုကြီးကကြွေးကြော်အော်ဟစ်မှုများ ရှိခဲ့ပြီးနောက် ရဲများက မျက်ရည်ယိုဗုံး အလုံး ၂၀ ခန့်ထိ အသုံးပြု ကာ လူစုခွဲနှိမ်နင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း မျက်ရည်ယိုဗုံးများကြောင့် ကလေး များငိုကြွေးနေခဲ့ကြပြီး လူနာတင်ယဉ်များစွာ ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ရသည်။

ကုလသမဂ္ဂသည် ယခုရွေ့ပြောင်းလာသူများ အရေးတွင် လူ့အခွင့်အရေးဆိုင်ရာ များကို အလေးထားကြရန် ဥရောပခေါင်းဆောင်များကို ထပ်မံ တိုက်တွန်းပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly