နိုင်ငံခြားမှ ကျူးကျော်ထိပါးလျှင် နာဂနယ်မြေမှ NSCN-K အား အစိုးရက အကာအကွယ်ပေးနိုင်ရေး ဆွေးနွေးခဲ့

နိုင်ငံခြားမှ ကျူးကျော်ထိပါးလျှင် နာဂနယ်မြေမှ NSCN-K အား အစိုးရက အကာအကွယ်ပေးနိုင်ရေး ဆွေးနွေးခဲ့
Photo Credit The Mirror

စက်တင်ဘာ ၁၇ ရက် ။         ။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကိုယ်စားလှယ်များသည် UPWC ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးစဉ် ၎င်းတို့၏ ကောင်စီကို တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုပေးရေးနှင့် ၎င်းတို့နယ်မြေအား နိုင်ငံခြားကျူးကျော်ထိပါးခြင်းမှ အကာကွယ်ပေးရန်တို့ ဆွေးနွေးပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၆ ရက် ရန်ကုန်မြို့ MPC ရုံး၌ တွေ့ဆုံကြစဉ် တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးစာချုပ်အား လက်မှတ်ထိုးရေး နှင့် ပတ်သက်၍မူ ဌာနချုပ်တွင် ပြန်တိုင်ပင်ရဦးမည်ဟု ဆိုသည်။

နာဂသူပုန်ခေါင်းဆောင် S S Khaplang ဦးဆောင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ Nationalist Socialist Council of Nagaland-Khaplang (NSCN-K) အဖွဲ့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း တွင်အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယအစိုးရက သတ်မှတ်ထားပြီး မတရားအသင်းအဖြစ် ကြေညာထားကြောင်း မဇ္ဈိမက သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက် UPWC နှင့် ဆွေးနွေးရာတွင် အိန္ဒိယနယ်စပ်ဒေသရှိ နာဂဒေသအား တစ်ဖက်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့များမှ ကျူးကျော်ထိပါးလာပါက အစိုးရအနေဖြင့် NSCN-K အား အကာအကွယ်ပေးနိုင်ရေး၊ NSCN-K ၏ နိုင်ငံရေး ကိစ္စရပ်များတွင် အာမခံပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အခြားနာဂများ၏ ရသင့်သည့် အခွင့်အရေးများကို အကာအကွယ်ပေးရေး ကိစ္စရပ်များလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြသည်။

NSCN-K ဘက်မှ NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးမူဘောင်ရေးဆွဲခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိနိုင်ရေး၊ မတရားအသင်းမှ ပယ်ဖျက်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရေးတို့လည်း ဆွေးနွေးကြသည်။

NSCN-K အဖွဲ့သည် စစ်ကိုင်းတိုင်း အထက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်၌ အခြေစိုက်ပြီး အိန္ဒိယ မြန်မာ နှစ်နိုင်ငံလုံးတွင် နေထိုင်သည့် နာဂလူမျိုးများအတွက် လက်နက်ကိုင်လှုပ်ရှားနေခြင်းဖြစ်သည်။

UPWC နှင့် ဆွေးနွေးပွဲတွင် NSCN-K အနေဖြင့် အိန္ဒိယအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ရန်၊ အိန္ဒိယနိုင်ငံဖက်၌ တိုက်ခိုက်မှုများ မပြုရန်လည်း ထည့်သွင်းဆွေးနွေးကြသည်ဟု သိရသည်။

၁၉၉၈ တွင် NSCN သည် အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့ပြီး Khaplang ဦးဆောင်သည့် NSCN (K) နှင့် Isak Chishi Swu နှင့် Thuingaleng Muivah တို့ ပူးတွဲဦးဆောင်သည့် NSCN (IM) အဖွဲ့တို့ဖြစ်သည်။

အိန္ဒိယအစိုးရက NSCN (IM) အဖွဲ့နှင့် သြဂုတ် ၃ ရက်၌ သဘောတူညီမှု မူဘောင်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

Khaplang သည်လည်း ၂၀၀၀ ခုနှစ်က အိန္ဒိယအစိုးရနှင့် အပစ်ရပ်ရေး သဘောတူလက်မှတ် ရေးထိုးထားသော်လည်း ကတိပျက်ခဲ့သည်။

ထို့အတူ NSCN-K သည် မြန်မာစိုးရနှင့်လည်း စစ်ကိုင်းတိုင်းနယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးတို့အဖွဲ့နှင့် ၂၀၁၂ ခု ဧပြီလအတွင်းက တိုင်းအဆင့် အပစ်ရပ်လက်မှတ်ထိုးထားပြီး ခန္တီးမြို့တွင် ဆက်သွယ်ရေးရုံး ဖွင့်လှစ်ထားကြောင်း သိရသည်။

စက်တင်ဘာ ၁၆ အစည်းအဝေး တက်ရောက်သည့် UPWC ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က နာဂဒေသသည် နိုင်ငံအတွက် အဓိကအရေးပါသည့် နယ်စပ်ဒေသအစိတ်ပိုင်းတစ်ခုဖြစ်သည်ဟု ပြောဆိုသည်။

UPWC အဖွဲ့ဝင် ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကလည်း နာဂတိုင်းရင်းသားဒေသ တည်ငြိမ် အေးချမ်းပြီး လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးရန် ဆန္ဒပြုသည်။

NSCN-K အဖွဲ့သည် MPC တွင် ကျင်းပသည့် NCA မူကြမ်းဆွေးနွေးပွဲများသို့ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ရပြီး ယခုတစ်ကြိမ်၌မူ NCA နှင့်ပတ်သက်၍ ဆွေးနွေးကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးရပြီးနောက် နာဂဒေသတွင် ကုန်သွယ်ရေးနှင့် ပို့ကုန်သွင်းကုန် ဖွံ့ဖြိုးရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန်က လမ်းညွှန်ထားပြီး၊ နာဂဒေသတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ကူညီသွားရန် အသင့်ရှိကြောင်း စီးပွားရေး/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားသည်။

စက်တင်ဘာ ၁၆ ရက် ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုတိယဥက္ကဋ္ဌ များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး (ဒုဗိုလ်ချုပ်ကြီးဟောင်း)၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်း၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) မှ ဦးကျော်ဝမ်းစိန်၊ ဦးအန်ကန့်တို့ တက်ရောက်ကြသည်။

စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်၌ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြပြီး NCA ကို လက်မှတ်ရေးထိုးကြရန် လာမည့် အောက်တိုဘာ ပထမပတ်ကို လျာထားကြသည်။

NCA လက်မှတ်ရေးထိုးမည့်ကိစ္စနှင့် စပ်လျဉ်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်များအဖွဲ့ (SD) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်၌ စက်တင်ဘာ ၁၇ တွင် ဆွေးနွေးနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags