ကာကွယ်ရေးဦးစီးချုပ်ရေ (ငြိမ်း) သူရသက်ဆွေ ပြိုင်မည့် ကိုကိုးကျွန်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၀၀၀ ကျော်သာရှိ

ကာကွယ်ရေးဦးစီးချုပ်ရေ (ငြိမ်း) သူရသက်ဆွေ ပြိုင်မည့် ကိုကိုးကျွန်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၀၀၀ ကျော်သာရှိ
ဗိုလ်ချုပ်ကြီး သူရသက်ဆွေ။ photo - AFP

ရန်ကုန် စက်တင်ဘာ ၁၆ ။       ။ ကာကွယ်ရေးဦးစီးချုပ်-ရေ (ငြိမ်း) ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ ဝင်ပြိုင်မည့် ကိုကိုးကျွန်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ၁၀၀၀ ကျော်သာရှိသည်ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမြတ်စိုးက စက်တင်ဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ကိုကိုးကျွန်းက မဲပေးခွင့်ရှိသူ ၁၀၀၀ ကျော်ပဲ ရှိပါတယ်။ ကဏန်းအတိအကျဆိုရင်တော့ စာရင်းကြည့်မှရမယ်။ အဲဒီ ၁၀၀၀ ကျော်ထဲမှာ ကိုကိုးကျွန်းက တပ်မတော်သားတွေပါ အကုန်ပါပါတယ်။" ဟု ၎င်းကပြောသည်။

ကိုကိုးကျွန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အာဏာရပါတီ ပြည်ခိုင်ဖြိုးမှ ကာကွယ်ရေးဦးစီးချုပ်ရေ (ငြိမ်း) ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဝင်းမင်း တို့နှစ်ဦးသာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်နေ့ စာရင်းအရ ကိုကိုကျွန်းမဲဆန္ဒနယ်တစ်ခုလုံးတွင် မဲပေးခွင့်ရှိသူ ၅၆၀ ဦးသာရှိပြီး၊ ယင်းအရေအတွက်တွင် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သား အရေအတွက် မပါကြောင်း ဦးဝင်းမင်း ကပြောသည်။

"အခုထုတ်တဲ့မဲစာရင်းအရဆိုရင် မဲပေးခွင့်ရှိသူ ၅၆၀ ပဲရှိတယ်။ အခုကပ်တာ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေမပါဘူးလို့ သိရတယ်။ အဲဒီတပ်စာရင်း၊ ရဲတပ်ဖွဲ့ဝင်စာရင်းတွေကိုတော့ တောင်းမကြည့်ရသေးဘူး။ ဘယ်လိုတောင်းကြည့်ရမလဲက မသိရဘူး။" ဟု ဦးဝင်းမင်းက ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော် ကိုကိုကျွန်းမဲဆန္ဒနယ် ၂ တွင် ပြည်ခိုင်ဖြိုးမှ ဦးအောင်နိုင်၊ NLD မှ ဦးဝင်းကိုကိုဝင်း တို့သာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုကိုကျွန်းမဲဆန္ဒနယ် ၁ တွင်မူ ပြည်ခိုင်ဖြိုးမှ ဦးတင်ဝင်း၊ NLD မှ ဦးကျော်သူ၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးနေဝင်းသန်း သုံးဦးသာ ပြိုင်မည်ဖြစ်သည်။

NLD ပါဝင်မှုမရှိသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအရ ပြည်ခိုင်ဖြိုးက အစိုးရဖွဲ့စည်းထားနိုင်သည်။ ၂၀၁၂ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၏ လွှတ်တော်နေရာ ၄၄ နေရာတွင်မူ ပြည်ခိုင်ဖြိုးက ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပဲ NLD ကသာ ၄၃နေရာထိ အနိုင်ရရှိခဲ့သည်။ ကျန်တစ်နေရာကိုမူ ကျားဖြူပါတီက အနိုင်ရခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင်မူ ပြည်ခိုင်ဖြိုးပါတီက ၁၁၃၅ နေရာဝင်ရောက်ပြီး၊ NLD က ၁၁၃၈ နေရာထိ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly