ဆေးခန်း၊ ရေတွင်းနှင့် ဆည်တည်ဆောက်ပေးရန် ကြံ့ခိုင်ရေးအမတ်ကို ဒီမောဆို ဒေသခံအချို့ တောင်းဆို

ဆေးခန်း၊ ရေတွင်းနှင့် ဆည်တည်ဆောက်ပေးရန် ကြံ့ခိုင်ရေးအမတ်ကို ဒီမောဆို ဒေသခံအချို့ တောင်းဆို

ဒီမော့ဆို၊ စက်တင်ဘာ ၁၆။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၏ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါစဲရွာသို့ မဲဆွယ်စည်းရုံးစဉ် ရွာသားများက ဆေးပေးခန်းဆောက်ပေးရန်၊ အဝီစိ တူးပေးရန်နှင့် ဆည်ဆောက်ပေးရန် တောင်းဆိုခဲ့ကြသည်။

“ရွာမှာရှိတဲ့ ဆေးပေးခန်းက စံချိန်မမီဘူး ဆေးခန်းဆိုတာ ရွာထဲမှာ မရှိရဘူး။ ရွာပြင်မှာ ဆောက်ဖို့အတွက် နေရာရှိပြီးသား နောက်ပြီး ဆေးပေးခန်း ဆရာမလည်း နေ့ရောညပါ အဆင်သင့် ရှိပေးသင့်တယ်” ဟု ဒေါစဲ လူငယ်ဥက္ကဋ္ဌ ဦးညေးရယ်က ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ လက်ရှိ ဒီးမော့ဆိုမြို့နယ် အမျိုးသားလွတ်တော် အမတ်လောင်း ဦးစိုးရယ် စက်တင်ဘာလ ၁၅ ရက်တွင် ဒေါစဲရွာ မေတ္တာရိပ်မွန် ခန်းမဆောင်တွင် ရွာသူရွာသားများနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံး ဟောပြောစဉ် ဒေသခံများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဟောပြောပွဲတွင် ဦးညေးရယ်က “ရေထဲမှာ ထုံးဓာတ် တအားပါနေတယ်။ ရေနွေးကျို တဲ့အချိန်မှာပဲကြည့် အပေါ်မှာဆို ဖြူဖတ်နေတာပဲ သောက်လို့တောင် မပျော်တော့ဘူး”ဟု လက်ရှိ သောက်သုံးရေ အခြေအနေကို တင်ပြခဲ့သည်။

ဆည်မရှိသည့်အတွက် ကုန်းပေါ်မှ လယ်များအားလုံး စိုက်ပျိုးနိုင်ခြင်း မရှိခဲ့သည့်အတွက် အခက်အခဲ ဖြစ်နေကြသည်ဟုလည်း ဒေသခံများက တောင်းဆိုကြသည်။ အဝီစိ တူးပေးရန် ပညာရှင်ခေါ်ကာ မြေနေရာကို စမ်းသပ်ကာ ဆောင်ရွက်ပေးမည်ဟု ဦးစိုးရယ်က ကတိပြုခဲ့သေးသည်။

ဦးစိုးရယ်သည် လက်ရှိတွင် ဒီးမော့ဆို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly