အာရှပြိုင်ပွဲဝင်ရန် အကောင်းဆုံးအနေထား ရှိနေပြီဟု ကာယဗလ နည်းပြ ပြော

အာရှပြိုင်ပွဲဝင်ရန် အကောင်းဆုံးအနေထား ရှိနေပြီဟု ကာယဗလ နည်းပြ ပြော
နိုင်ငံ့ကိုယ်စားပြု  ၀င်ပြိုင်မည့် အမျိုးသမီးကစားသမားနှစ်ဦး။ နန်လောင်ခန်း (ညာ) ချယ်ရီမောင်(၀ဲ)။  (ဓာတ်ပုံ - သောကြာ

စက်တင်ဘာ ၁၆၊ ရန်ကုန်။                 ။ လာမည့် စက်တင်ဘာ ၂၉ ရက်၊ ဥဇဘက်ကစ္စတန်နိုင်ငံတွင် ပြုလုပ်မည့် ၄၉ ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ ခိုင်မှုပြိုင်ပွဲသို့ မြန်မာကာယဗလ အားကစားအဖွဲ့ ဝင်ပြိုင်မည်ဖြစ်ပြီး ကစားသမားများအနေဖြင့် ပြိုင်ပွဲဝင်ရန် အကောင်းဆုံး အနေအထားရှိနေပြီဟု ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ် နည်းပြ ဦးအောင်နိုင်က မဇ္ဈိမသို့ ပြောသည်။

၄၉ ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ ခိုင်မှုပြိုင်ပွဲသို့ မြန်မာကာယဗလအားကစားအဖွဲ့မှ အမျိုးသား ကစားသမား သုံးဦးနှင့် အမျိုးသမီး ကစားသမား နှစ်ဦး ဝင်ပြိုင်မည်ဖြစ်သည်။

အမျိုးသား ကစားသမား သုံးဦးမှာ ၆၀ ကီလိုတန်းတွင် ထွန်း မင်း၊ ၆၅ ကီလိုတန်းတွင် ချစ်ငွေနှင့် ၇၀ ကီလိုတန်းတွင် ညီဖြူတို့ ဖြစ်ကြပြီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဝင်ပြိုင်မည့် အမျိုးသမီး ကစားသမားနှစ်ဦးမှာ ချယ်ရီမောင်နှင့် နန်လောင်ခန်းတို့ ဖြစ်ကြသည်။

' ကစားသမားတွေ အားလုံး အကောင်းဆုံးအနေ  အထားတွေ လုပ်ထားတယ်။ ပြိုင်ပွဲအတွေ့အကြုံများနေပြီ။ အကောင်းဆုံး အနေအထားတွေတော့ လုပ်ထားပါတယ်'ဟု ကာယဗလနည်းပြ ဦးအောင်နိုင်က မဇ္ဈိမသို့ ပြောသည်။

သို့သော် အာရှပြိုင်ပွဲသို့ ဝင်ပြိုင်ရန် ရွေးချယ်ထားသော ကစား သမားများအနက် အမျိုးသားကစားသမားအချို့မှာ နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံရှိသော်လည်း အမျိုးသမီး ကစား သမားနှစ်ယောက်မှာ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ မရှိသေးပေ။

၄၉ ကြိမ်မြောက် အာရှ ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဝင်ပြိုင်မည့် အမျိုးသမီးကစားသမား နှစ်ဦးနှင့် ပတ်သက်၍ အမျိုးသမီး နည်းပြ ဒေါ်ရီရီဝင်းက ' နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံလုံး၀ မရှိဘူး။ နိုင်ငံတကာ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်ပုံတွေ ပြတယ်။ သူတို့နှစ်ယောက်က ပထမဆုံးပြိုင်ပွဲမှာမှာ အာရှပြိုင်ပွဲ စရင်ဆိုင်ရမယ်။ ပြိုင်ပွဲအပေါ် စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်မှာ မူတည်ပြီး ဆုအနိမ့် အမြင့် ကွာခြားသွားမှာပါ'ဟု ပြောသည်။ 

၂၀၁၅ ခုနှစ် ၄၉ ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ ခိုင်မှုပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး အာရှနိုင်ငံ ၃၀ ကျော်မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly