လုခ်ရှော အနည်းဆုံးခြောက်လခန့် အနားယူရမည်ဟု မန်ယူနည်းပြ ဗန်ဟားလ်ပြော

လုခ်ရှော အနည်းဆုံးခြောက်လခန့် အနားယူရမည်ဟု မန်ယူနည်းပြ ဗန်ဟားလ်ပြော

သြဂုတ် ၁၆ မန်ချက်စတာ ။           ။ ပီအက်စ်ဗွီအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ခြေထောက်အရိုးကျိုးသွားခဲ့သော မန်ယူနောက်ခံလူ လုခ်ရှောသည် ခြောက်လခန့်အနားယူရမည်ဟု နည်းပြဗန်ဟားလ်က ပြောဆိုလိုက်သည်။

ထိုပွဲစဉ်၏ ပွဲချိန် ၁၅ မိနစ်ခန့်တွင် လုခ်ရှောသည် ပီအက်စ်ဗွီနောက်ခံလူ ဟက်တာမိုရီနို၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုကြောင့် ညာဘက် ခြေသလုံးရိုးနှင့် တံကျင်ရိုး နှစ်ခုစလုံး ကျိုးသွားခဲ့ရခြင်းဖြစ်သည်။ လုခ်ရှောကို ချက်ချင်းအောက်စီဂျင်ပေးကာ ကွင်းအတွင်း၌ ၁၀ မိနစ်ခန့်ကုသခဲ့ရသည်။ လုခ်ရှောမှာ ပြင်းထန်စွာဒဏ်ရာရသွားခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီးက မိုရီနိုကို တစ်စုံတစ်ရာ အရေးယူမှု မပြုလုပ်ခဲ့ပေ။

'ဒီအဖြစ်အပျက်က အလွန်ကြောက်မက်ဖွယ်ကောင်းပါတယ်။ တကယ်ကိုဆိုးရွားတဲ့ ဖျက်ထုတ်မှုပါပဲ။ ရှောကို အောက်စီဂျင်ပေးထားရပြီး အဝတ်လဲခန်းထဲအထိ ငိုကြွေးနေခဲ့ပါတယ်' ဟု ဗန်ဟားလ်က ပြောသည်။

လုခ်ရှောသည် ယခုရာသီတွင် မန်ယူအသင်း၏ပွဲစဉ်တိုင်းတွင် အဓိကနောက်ခံလူအဖြစ် ပါဝင်ကစားနေပြီး အင်္ဂလန်အသင်းနှင့်အတူ ဆမ်မာရီနို၊ ဆွစ်ဇာလန်တို့နှင့် ယူရိုခြေစစ်ပွဲစဉ်များတွင်ပါဝင်ကစားခဲ့သူ ဖြစ်သည်။

'ဒီဖျက်ထုတ်မှုက ပင်နယ်တီနဲ့ အနီကတ်ပေးရမယ်လို့ အဲ့ဒီအချိန်ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ ခင်ဗျားတို့ကတော့ ကျွန်တော်ပြောတာတွေက မှားယွင်းပြီး ဆိုးရွားတဲ့ အရှုံးသမားလို့ ပြောကြမှာပါ။ ဒါပေမဲ့ ဒီအဖြစ်အပျက်က ၁၈ ကိုက်စည်းထဲမှာ ဖြစ်ပြီး ခြေသလုံးရိုးနှစ်ခုစလုံးကျိုးသွားတာက တော်တော်ကိုဆိုးပါတယ်။

ကျွန်တော်က ဆရာဝန်မဟုတ်လို့ အတိအကျမပြောနိုင်ပေမယ့် ဒီလိုဒဏ်ရာရရှိမှုက အနည်းဆုံး လေးလကနေ ခြောက်လအထိ အနားယူရပါလိ့မ်မယ်။ ပြီးတော့ ပုံမှန်ပြန်ကောင်းလာမယ်လို့ အတိအကျပြောလို့မရနိုင်ပါဘူး။ လုခ်ရှော ဒီရာသီမှာ ပြန်ကစားနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်' ဟု ဗန်ဟားလ်က ပြောသည်။

လုခ်ရှောက ၎င်းကို အားပေးထောက်ခံခဲ့သည့် စာများပို့ခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု ပြောဆိုခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly