နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံစိတ်ရှိလာစေရေး ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု သမ္မတအကြံပေးပြော

နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံစိတ်ရှိလာစေရေး ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု သမ္မတအကြံပေးပြော
တတိယအကြိမ်မြောက် Myanmar global Investment forum မွန်းလွဲပိုင်းတွင် အမှာစကားပြောကြားနေသော ဒေါက်တာ အောင်ထွန်းသက် (နိုင်ငံတော် သမ္မတ အကြံပေး)အား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

မဇ္ဈိမ၊ စက်တင်ဘာ ၁၆ ။               ။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုများရှိမှသာ နိုင်ငံတိုးတက်လာမည်ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံလိုစိတ်ရှိစေရန် ဆောင်ရွက်ပေးရမည်ဟု သမ္မတ၏  စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ-၂ တွင်ကျင်းပသည့် တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ အရင်းအနှီး၊ ဈေးကွက်၊ နည်းပညာနှင့် စီမံခန့်ခွဲမှုပုံစံများပါ တစ်ပါတည်း ပါလာမည်ဟုလည်းဆိုသည်။

စက်တင်ဘာ ၁၆ ထိ ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကဏ္ဍ၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ကုန်သွယ်ရေးနှင့်အခြေခံ အဆောက်အအုံများ၊ မဟာမဲခေါင်ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်ဓါတ်အားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်ကာလတို့ကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက ကဏ္ဍအလိုက် ဆွေးနွေးကြမည်ဖြစ်သည်။

ဖိုရမ်အား နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို သိရှိလိုသည့် နိုင်ငံတစ်ကာမှ စီးပွားရေး လုပ်ငန်းရှင်များ လာတက်ကြသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမာလာမျိုးညွန့်က ပြောကြားသည်။

Ref: The Mirror

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly