အင်တာနက်ကုမ္ပဏီအတု က ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူများထံမှ ကန်ဒေါ်လာ ရ၇ သန်း လိမ်ယူသွားခဲ့ဟုဆို

အင်တာနက်ကုမ္ပဏီအတု က ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူများထံမှ ကန်ဒေါ်လာ ရ၇ သန်း လိမ်ယူသွားခဲ့ဟုဆို
ထိုင်ဝမ် ငွေကြေး။ ဓာတ်ပုံ - အေအက်ဖ်ပီ

၎င်း၏ စီးပွားရေးလုပ်ငန်း ပါ့တနာများထဲတွင် ဂူးဂဲလ်နှင့် ယာဟူးကဲ့သို့ အင်တာနက် ဘီလူးကြီး များပင် ပါဝင်နေသည်ဟု ပြောကြားသည့် အတုအယောင်ဟု ယူဆရသော အွန်လိုင်းဈေးကွက် ကုမ္ပဏီတစ်ခု ကထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူများထံမှ ထိုင်ဝမ်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၇၇ သန်း)ကို လိမ်လည်သွားခဲ့သည်ဟု အာဏာပိုင်များက စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြား သည်။

ထိုင်ဝမ် တရားရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးဗျူရို၏ ပြောကြားချက်အရ Our PPC ဟုခေါ်သည့် ကြော်ငြာစီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုက ရက်ပေါင်း ၅၀ အတွင်း အမြတ်ငွေ ၂၃ ရာခိုင်နှုန်းပြန်ဝင် မည်ဖြစ်သောကြောင့် လူများကို အင်တာနက် ရှာပုံတော်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရမည့် အခွင့်အရေးကို လက်လွှတ်မခံကြရန် သွေးဆောင်ခဲ့သည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံသူ အရေအတွက် တိုးမြင့်လာစေရန် ထိုကုမ္ပဏီက ကန်ဒေါ်လာ ၁၀,၀၀၀ အထိ ရင်းနှီးထည့်ဝင်သူ မည်သူကိုမဆို မကာအိုသို့ အလည်အပတ် ခရီးစဉ် စီစဉ်ပေးခဲ့ရာ ရင်းနှီးမြှုပ်နှံသူ လူပေါင်း ၂,၄၀၀ အထိ ရှိလာခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။

''ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကုမ္ပဏီက တကယ်ရှိတယ်လို့တောင် မပြော နိုင်ဘူး''ဟု ဗျူရို၏ စီးပွားရေးရာဇဝတ်မှုဌာနမှ အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။ သံသယရှိဖွယ် လိမ်လည်မှုကြီးမှ ထိုကုမ္ပဏီရရှိသွားသည့် ငွေပမာဏမှာ ထို့ထက်ပိုမို မြင့်မားနိုင် သေးသည် ဟုလည်း ၎င်းက ပြောကြားသည်။

''၇၇ သန်းဆိုတဲ့ ပမာဏက ကနဦးတွေ့ရှိချက်ပဲ ရှိသေးတယ်။ နိုင်ငံခြားကို ရွှေ့ပြောင်းသွားတဲ့ ငွေတွေလည်း ရှိနေနိုင်သေးတယ်''ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

လင်ဟု မျိုးရိုးအမည်ရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးခဲ့သည့် နောက်ထပ် ၇ ယောက်ကိုမူ အာမခံဖြင့် လွှတ်ပေးခဲ့သည်ဟု ထိုင်ဝမ်ရဲတပ်ဖွဲ့ က ပြောကြားသည်။ ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်တွင်မူ OurPPC က ၎င်း၏ အဓိက စီးပွားရေးလုပ်ငန်းမှာ အင်တာနက် ရှာဖွေခြင်းများတွင် အသုံးပြုသည့် စကားလုံးကို သရုပ်ခွဲ၍ ဖောက်သည်များကို ဝက်ဘ်ဆိုက်များထံ ပို့ဆောင်ပေးခြင်းပင်ဖြစ်သည်ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly