အဏုမြူဗုံး လောင်စာစက်ရုံများကို ပြန် လည်ပတ်နေပြီဟု မြောက်ကိုရီးယား ကြေညာ

အဏုမြူဗုံး လောင်စာစက်ရုံများကို ပြန် လည်ပတ်နေပြီဟု မြောက်ကိုရီးယား ကြေညာ
ဓာတ်ပုံ - Getty Image

ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများဖြင့် ခြိမ်းခြောက်ပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက ၎င်း၏ အဏုမြူဗုံး လောင်စာထုတ်လုပ်မှု စက်ရုံများကို အဆင့်မြင့်ပြီး ပြန်လည်စတင်နေပြီဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်က ကြေညာခဲ့သည်။

ပြည်ပဝေဖန်သုံးသပ်သူများက ဆင်းရဲမွဲတေသည့် မြောက်ကိုရီးယားကို တဖြည်းဖြည်း အလျှော့ပေး လိုက်လျောလာနိုင်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးပွဲများကို ပြန်လည် စတင်စေရန် ရည်ရွယ်သည့် ခြိမ်းခြောက်မှုများသာဟု ယူဆကြသည့် အဆိုပါ ကြေညာချက်များက ပြုံယမ်းကို ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များနှင့် လိပ်ခဲတင်းတင်း အခြေအနေအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ကျရောက် သွားစေမည်ဖြစ်သည်။

မြောက်ကိုရီးယားက ၎င်း၏ နိုင်ငံပိုင်မီဒီယာတွင် ပြောကြားချက်အရ ညောင်ဗျုန် ပင်မ နျူကလီးယားဝင်းအတွင်းရှိ ပလူတိုနီယံနှင့် သန့်စင်မှု မြင့်မားသည့် ယူရေနီယံစက်ရုံများကို ပြန်လည်စီစဉ်၊ ပြောင်းလဲ၊ ချိန်ညှိပြီး ပုံမှန်လည်ပတ်နေပြီဖြစ်သည်ဟု ဆိုသည်။   

စက်တင်ဘာလ ၁၄ ရက်က ပြုံယမ်းက  တာဝေးပစ် ဒုံးပျံများပေါ်တင်သည့် ဂြိုဟ်တုများကို လွှတ်တင်ရန် အဆင်သင့်ဖြစ်နေပြီဟု သတိပေးခဲ့ရာ အနောက်အုပ်စုက ပိတ်ပင်ထားသည့် တာဝေးပစ် ဒုံးကျည် များမှာ အမေရိက ကုန်းမြေကို အဏုမြူဗုံးများဖြင့် ခြိမ်းခြောက်လာနိုင်သည့် သဘောပင်ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ နောက်လ အာဏာရ ကွန်မြူနစ်ပါတီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တွင် အဆိုပါ တာဝေးပစ်ဒုံးပျံတင် ဂြိုဟ်တုများကို ပွဲဦးထွက် ပြသသွား မည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။  

သိပ္ပံပညာရှင်များက မိုးလေဝသ လေ့လာခန့်မှန်းရန် ကမ္ဘာဂြိုဟ်လေ့လာရေး ဂြိုဟ်တုအတွက် နောက်ဆုံးအဆင့် တီထွင်မှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း မြောက်ကိုရီးယား၏ လေကြောင်း အာကာသ ဖွံ့ဖြိုးမှုစီမံကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

''ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် အာကာသဖွံ့ဖြိုးမှုဟာ အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် အခွင့်အရေးပဲ။ တခြားသူတွေက ဘာပြောပြော မြောက်ကိုရီးယား ပြည်သူတွေကတော့ ဒီအခွင့်အရေး ကိုအသုံးချဖို့ သန္နိဋ္ဌာန်ချထားတယ်''ဟု အဆိုပါ ညွှန်ကြားရေးမှူးက ပြုံယမ်း၏ နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA ကို ပြောကြားသည်။ မြောက်ကိုရီးယား၏ အလုပ်သမားပါတီက သတ်မှတ်သည့်နေရာ၊ သတ်မှတ်သည့် အချိန်တွင် ဂြိုဟ်တုများ တစ်လုံးပြီးတစ်လုံး ကောင်းကင်ထဲသို့ ထိုးတက် သွားသည်ကို ကမ္ဘာနှင့်အဝန်းက မြင်ကြရတော့မည် ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားရာတွင်မူ တာဝေးပစ် ဒုံးကျည်များ ပစ်လွှတ်ခြင်းမှာ ကုလဆုံးဖြတ်ချက်များကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက် မည်ဖြစ်သော်လည်း ယခုအချိန်အထိ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင်နေ သည့် အနေအထားမျိုးကို ထောက်လှမ်းတွေ့ရှိထားခြင်း မရှိဟု ဆိုသည်။

မြောက်ကိုရီးယားမှာ ဆယ်စုနှစ်များစွာ ကြာအောင်ပင် ပြီးပြည့်စုံသော တာဝေးပစ်ဒုံးပျံ တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးစားလာနေခဲ့ပြီး အကြိမ်ကြိမ် အရေးနိမ့်နေခဲ့ပြီး ၂၀၁၂ ခုနှစ် နှောင်းပိုင်း တွင်မှ ၎င်း၏ ပထမဆုံးဂြိုဟ်တုကို တာဝေးပစ်ဒုံးပျံနှင့် အာကာသအတွင်းသို့ လွှတ်တင်နိုင်ခဲ့သည်။

ကုလသမဂ္ဂက ပိတ်ပင်ထားသော ပဲ့ထိန်းဒုံးကျည် နည်းပညာစမ်းသပ်မှု ဖြစ်သည်ဟုဆိုကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ကျွမ်းကျင်သူများကမူ ပဲ့ထိန်းဒုံးကျည်နှင့် ဂြိုဟ်တုလွှွတ် ဒုံးပျံများမှာ ကိုယ်ထည်ဆင်ပြီး အင်ဂျင်နှင့် အခြားနည်းပညာများလည်း တူညီကြသည် ဟု ပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly