လုံခြံုရေး တာဝန်ယူပါ၊ သတင်းစုဆောင်းပါ၊ မခြိမ်းခြောက်ပါနဲ့

လုံခြံုရေး တာဝန်ယူပါ၊ သတင်းစုဆောင်းပါ၊ မခြိမ်းခြောက်ပါနဲ့

အခုဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၅၀ ကျော်ပဲ လိုတော့တဲ့ အပြင် နိုင်ငံရေးပါတီ အသီးသီးကလည်း မဲဆွယ်စည်းရုံးရေးတွေ လုပ်နေကြပါပြီ။ အမတ်လောင်း တချို့ရဲ့ ပြောကြားချက်အရ မဲဆွယ် စည်းရုံးရာမှာ ပေါ်ပေါက်တဲ့ ပြဿနာ တစ်ခုကတော့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အပြုအမူကို ပြည်သူတွေ စိုးရိမ် ထိတ်လန့်ကြတယ်ဆိုတဲ့ ကိစ္စပါ။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဘက်ကတော့ အမတ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူပေးတာသာ ဖြစ်တယ်၊ အဲလိုယူနီဖောင်းနဲ့ လုံခြုံရေးယူပေးတာကို စိတ်အနှောင့် အယှက်ဖြစ်စေ တယ်ဆိုရင် အရပ်ဝတ်နဲ့ ပြောင်းပြီးတော့ တာဝန်ထမ်းဆောင်စေမယ်ဆိုပြီး ပြောပါတယ်။ တကယ်တော့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလမှာရော၊ မဲပေးမယ့် နေ့မှာပါ လုံခြုံရေးကိစ္စ အလွန်အရေးကြီးပါတယ်။ လုံခြုံမှု ရှိမှသာ အမတ်လောင်းတွေ လွတ်လွတ်လပ်လပ် အကြောက်တရား ကင်းကင်း မဲဆွယ် စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် တာဝန်ရှိသူက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပါ။ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ ပြီးစီးဖို့ အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လို တာဝန်ယူ၊ ကူညီဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဆောင်ရွက်ပေးဖို့ လိုတာဟာ အပိုင်းနှစ်ပိုင်း ရှိမယ်လို့ နားလည်နိုင်ပါတယ်။ တစ်ပိုင်းကတော့ လုံခြုံရေး ဆောင်ရွက်ပေးတာ၊ လုံခြုံရေးအရ ပြဿနာရှိ လာရင် အရေးယူဆောင်ရွက်ပေးတာနဲ့ မိခင်အဖွဲ့အစည်းကို သတင်းတင်ပို့ အစီရင်ခံတာတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ လုပ်ငန်း နှစ်ခု သဘောသဘာ၀ မတူတဲ့အတွက် ခွဲခြား လုပ်ကိုင်ဖို့ လိုအပ်ပါ တယ်။

လုံခြုံရေးယူပေးတယ် ဆိုတာမျိုးဟာ ယူနီဖေါင်း ကျကျနနဝတ်၊ လက်နက်ပစ္စည်း ကိုင်ဆောင်ပြီး ဆောင်ရွက်ရတာမျိုးပါ။ ဒီနေရာမှာ အမတ်လောင်းတစ်ယောက် မဲဆွယ်ပွဲကိစ္စ တစ်နေရာကနေ တစ်နေရာ သွားတာ၊ စင်မြင့်ဖြစ်စေ၊ လူစုလူဝေးကို ဖြစ်စေ ဟောပြောတာမျိုးမှာ အဖျက်အမှောင့်သမားတွေ မနှောင့်ယှက်ရလေအောင်၊ မဖျက်ဆီးရလေအောင် ကောင်းမွန်စွာ လုံခြုံရေးယူ စောင့်ရှောက်ပေးတယ်လို့ အဓိပ္ပာယ် ရပါတယ်။ ဒီလို လုံခြုံရေး ယူပေးရာမှာလည်း ဘယ်ပါတီက ဖြစ်ဖြစ် အမတ်လောင်း အားလုံးကို ပုံစံတူ၊ ပြုမူမှု တူညီစွာနဲ့ တာဝန်ထမ်းဆောင်ပေးဖို့ လိုပါတယ်။

ပြည်ခိုင်ဖြိုးဆို တစ်မျိုး၊ အင်န်အယ်လ်ဒီ ဆို တစ်ဖုံ၊ ပါတီငယ်နဲ့ တစ်သီးပုဂ္ဂလကို တစ်သွယ် လုပ်နေလို့ မသင့်တော်ပါဘူး။ ဗိုလ်ချုပ်ဟောင်းကို တစ်ပုံစံ၊ အရပ်သားကိုတော့ နည်းတစ်မျိုး ဆိုတာမျိုးလည်း မလုပ်စကောင်းပါဘူး။ လုံခြုံရေးအရ အရေးကြီးတဲ့ လက်ရှိ အစိုးရ ခေါင်းဆောင်တွေ၊ ပါတီကြီးတွေရဲ့ ခေါင်းဆောင်ကြီးတွေကိုတော့ လုံခြုံရေးအရ ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်။

နောက် ကိစ္စတစ်ခုက ရဲတပ်ဖွဲ့ဝင်တွေကို အထက်က တာဝန်ပေးထားတဲ့ သတင်းရယူ ပြန်လည် တင်ပြစေတဲ့ ကိစ္စပါ။ ဒီ ကိစ္စနဲ့ ပတ်သက်ရင်တော့ လုံခြုံရေးတာဝန် ထမ်းဆောင်တာ မဟုတ်တဲ့အတွက် အရပ်ဝတ်အနေနဲ့ ဆောင်ရွက်ရင် ပိုသင့်တော်ပါတယ်။ အရပ်ဝတ် ဆိုပေမယ့် လိမ်လည်ဟန်ဆောင်၊ ဟိုအသွင်ယူ၊ ဒီအသွင်ယူပြီး သတင်းယူ၊ ဓာတ်ပုံ ရိုက်တာမျိုးတော့ မလုပ်ကောင်းပါဘူး။ တရားဝင် အဖွဲ့အစည်းအတွက် တရားဝင် သတင်းရယူတာ ဖြစ်လေတော့ ကိုယ်ဘယ်သူ ဘယ်ဝါ ဆိုတာ ထင်ရှားတဲ့ အထောက်အထားပြပြီး သတင်းယူဖို့ လိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဲလို ပြောဆိုရတာက အကြောင်းရှိပါတယ်။

အခုနောက်ပိုင်း ရဲတပ်ဖွဲ့ဝင် တချို့ သတင်းစုဆောင်းရာမှာ သတင်းထောက် ဟန်ဆောင်ပြီး၊ သတင်းထောက်တွေနဲ့ ရောနှောပြီး သတင်းရယူ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် ဆိုတာမျိုး အများအပြား လုပ်လာကြ လို့ပါ။ ဒါဟာ အတော်လေးကို မသင့်တော်တဲ့ ကိစ္စပါ။ သတင်းမီဒီယာ လုပ်ငန်းအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှုတွေ ဖြစ်ပေါ်စေသလို သတင်းရင်းမြစ်တွေနဲ့ ပြည်သူတွေ အပေါ် ခြိမ်းခြောက်မှု လည်း ဖြစ်စေပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ မဲဆွယ်ကိစ္စ သတင်းရယူရာမှာ ဖြစ်စေ၊ တခြားကိစ္စ သတင်းရယူရာမှာဖြစ်စေ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သတင်းထောက် ဟန်မဆောင်ဘဲ ကိုယ်ဘယ်သူဆိုတာ ထင်ရှားတဲ့ အမှတ် အသား ချိတ်ဆွဲ ပြသပြောဆိုပြီး သတင်းရယူသင့်ပါတယ်။ ခိုးကြောင်ခိုးဝှက်၊ ခြိမ်းသလိုလို ခြောက်သလိုလို မလုပ်ကောင်းပါဘူး။

အခု လက်ရှိရွေးကောက်ပွဲ မဲဆွယ်ပွဲတွေအတွက် ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားရာမှာ ပေါ်ပေါက်တဲ့ပြဿနာကတော့ အဲဒီလုပ်ငန်းတွေကို ရှင်းရှင်းလင်းလင်း လုပ်ကိုင်ခြင်း မရှိလို့ပဲဖြစ်ပါတယ်။ ပြည်သူတွေ စိုးရိမ်ထိတ်လန့်တယ် ဆိုတာဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြုမူပုံဟာ အမတ်လောင်းနဲ့ ပွဲအတွက် လုံခြုံရေး ယူပေးတဲ့ပုံ မပေါက်လို့ ဖြစ်ပါတယ်။

လုံခြုံရေးတာဝန်ကို တိတိကျကျ မထမ်းဆောင်လို့ ဖြစ်ပါတယ်။ ပြည်သူတွေဟာ မအကြပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဘယ် အပြုအမူဟာ လုံခြုံရေး ဆောင်ရွက်နေတာ၊ ဘယ် အမူအရာဟာ အမတ်လောင်း နဲ့ပြည်သူတွေကို ခြိမ်းခြောက်တာ ဆိုပြီး ခွဲခြားသိကြပါတယ်။ ဒီအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အမတ်လောင်းတွေနဲ့ မဲဆွယ်ပွဲ တက်လာတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို တိတိကျကျ တာဝန်ယူတာမျိုး လုပ်ကိုင်ဆောင်ရွက် ပေးသင့်ပါတယ်။ ပါတီအားလုံး၊ အမတ် အားလုံး၊ ပွဲအားလုံးကို လွှမ်းခြုံပြီး တပြေးညီ လုံခြုံရေး ယူပေးသင့်ပါတယ်။

သတင်းမှတ်တမ်းယူတဲ့ ကိစ္စမှာလည်း အရပ်ဝတ် ဝတ်စေပြီး ကိုယ်ဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထားကို ချိတ်ဆွဲပြသပြီး ရိုးရိုးသားသား ရယူသင့်ပါတယ်။ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ပါတီက အမတ်လောင်း မဲဆွယ်တဲ့ ပွဲမှာ၊ ပွဲတက်လာသူတွေရဲ့ မျက်နှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ လိုက်ရိုက်ကူးတာမျိုးကတော့ တပ်ဖွဲ့အတွက် သတင်းမှတ်တမ်းယူတာ မဟုတ်ဘဲ “ကဲ မင်းတို့ ဒီပွဲ လာတက်တယ်၊ ငါတို့ မှတ်ထားမယ်” ဆိုတာမျိုး ခြိမ်းခြောက်တဲ့ သဘောမျိုး သက်ရောက်ပါတယ်။

နိဂုံးချုပ် ပြောရရင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမတ်လောင်းနဲ့ ပွဲလာတက်တဲ့သူတွေကို လုံခြုံရေး ပြည့်ပြည့်ဝဝ ရှိအောင် တာဝန်ယူပေးပါ၊ ကိုယ့်ကိုယ်ကိုယ် ရဲတပ်ဖွဲ့ကမှန်း ဖော်ပြထားတဲ့ အရပ်ဝတ်ရဲတွေက သတင်းရယူ စုဆောင်းပါ၊ ဒါပေမယ့် ပြည်သူလူထုကို ခြိမ်းခြောက်တာမျိုး၊ ခြိမ်းခြောက်တဲ့ အပြုအမူ ဖြစ်စေတာမျိုးတော့ မလုပ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags