ရွေးကောက်ပွဲအကြို မြင်ကွင်းများ

ရွေးကောက်ပွဲအကြို မြင်ကွင်းများ

မကြာတော့သောအချိန်တွင် မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲ ပြုလုပ်တော့မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများအားလုံးရွေးကောက်ပွဲ အတွက် ပြင်ကြဆင်ကြရသည်။

ရွေးကောက်ပွဲအကြိုကာလ လုပ်ဆောင်ရန်ရှိသည်များကို တက်သုတ်ရိုက် အားကြိုးမာန်တက် လုပ်လာကြရသည်။ အထူးသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော် အသီးသီးရဲ့ ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ် လာကြရသည်။ သူတို့အား ဝန်းရံသူတို့ကလည်း နည်းလမ်းပေါင်းစုံဖြင့် မဲဆွယ်ကြ၊ လှုပ်ရှားကြရသည်။

အချို့က ကားအလှဆင်ခြင်း၊ လက်ကမ်းကြော်ငြာကမ်းခြင်း၊ လူအင်အားပြခြင်း၊ သီချင်းဖွင့် စည်းရုံးခြင်း အစရှိသော စည်းရုံးရေးလုပ်ငန်းများ လုပ်ကြသည်ကို နေရာအနှံ့ တွေ့လာကြရသည်။

တကယ်တော့လည်း မိမိတို့တိုင်းပြည်တွင် ဒီမိုကရေစီရွေးကောက်ပွဲ မရှိခဲ့သည်မှာနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီမို့ သည်လိုမြင်ကွင်းများသည်လိုအသံများသည် တိုင်းပြည်အတွက် အားတက်ဖွယ်မြင်ကွင်းနှင့် အသံများအဖြစ် ကြိုဆိုကြရမည်သာဖြစ်သည်။

ရွေးကောက်ပွဲနီးလာသည့်အတွက် ယှဉ်ပြိုင်အရွေးချယ်ခံကြမည့် နိုင်ငံရေးပါတီများသာမက မဲပေးကြရမည့် တနည်းအားဖြင့် မိမိတို့၏ဘဝကို ထိန်းကျောင်းမြှင့်တင်ပေးနိုင်မည်ဟု ယူဆရသည့် ကိုယ်စား လှယ်လောင်းများကို မဲပေးရန် ပြင်ဆင်လာကြရသည်။

ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီများ၏ သမိုင်း၊ မူဝါဒ၊ လူပုဂ္ဂိုလ်များကအစ လေ့လာကြရတော့ သည်။ ယုတ်စွအဆုံး မိမိတို့မြို့နယ် အရွေးချယ်ခံကိုယ်စားလှယ်လောင်းများကို မလွဲမသွေ လေ့လာ ကြရသည်။ အချင်းချင်းတိုင်ပင် ရင်ဖွင့်ရွေးချယ်ဖို့ ဆုံးဖြတ်ထားကြရသည်။ မဲပေးရွေးချယ်မှု မမှားရ လေအောင် ဝေဖန်သုံးသပ်ဆွေးနွေးကြရသည်။

သည်လို အခင်းအကျင်းများကတော့ ရွေးကောက်ပွဲတစ်ခု မဖြစ်လာခင်အချိန် မြင်ကြ ကြားကြ ရသည့် သဘာဝကျသော အခင်းအကျင်း အနေအထားများ ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲတစ်ခု မကျင်းပမီ၊ ကျင်းပရန် နီးကပ်လာချိန်မျိုးတွင် သဘာဝကျသည့် အခင်းအကျင်းများကို မြင်ရ ကြားရ သည်မှာ မဆန်းကြယ်သော်လည်း သဘာဝမကျသည့် အခင်းအကျင်းများကို မြင်ရကြရ သည့်အခါ တွင်မတော့ နည်းနည်းတော့ ဆန်းကြယ်သည်ဟု ပြောနိုင်ပါသည်။

ဥပမာ မိမိတို့နိုင်ငံ၏ နေရာ အတော်များများတွင် ကြုံတွေ့နေရသည့် သဘာဝဘေးဥပဒ်အန္တရာယ် ကျရောက်မှုအခြေအနေများနှင့် ရွေးကောက်ပွဲမဲစာရင်းများ လွန်လွန်ကဲကဲ မှားယွင်နေသည့် အချက်ဖြစ် သည်။

ယင်း မဲစာရင်းအမှားများနှင့် ရေကြီးရေလျှံဖြစ်မှု၊ မြေပြိုမှု အစရှိသော အခြေအနေများမှာ စစ်မှန်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်စေရေးလမ်းကြောင်းကို စိန်ခေါ်နေသော အခင်းအကျင်းများဖြစ် ပါသည်။

သဘာဝဘေးဥပဒ်ဒဏ် ခံစားနေကြရသည့်ဒေသများက မဲဆန္ဒရှင်များမှာ မဲပေးရန် မှန်ကန် လုံလောက်သည့် အဆင်သင့်ရှိမှုမျိုး မရှိနိုင်ကြသေးပါ။ တချို့ဒေသများမှာ မိမိတို့ကျေးရွာ မိမိတို့ အိုးအိမ်များကို ပင်ပြန်လည်နေထိုင်ရန် ခက်ခဲနေခြင်း၊ နေထိုင်လို့ ရသည့်တိုင် သန့်ရှင်းရေးအပါအဝင် ပျက်စီးဆုံးရှုံးသွားရသည့် လယ်ယာကိုင်းကျွန်းများ အိုးအိမ်ခြံမြေများ ပြန်လည်တည်ထောင်ရန် လုံးပန်းနေရခြင်းနှင့် အင်မတန် စိတ်ဒုက္ခရောက်ဖွယ် အခြေအနေများကို ဖြတ်ကျော်နေကြရသဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကို ယင်းလိုနေရာဒေသမျိုးတွင် ကျင်းပရန် အဆင်သင့် မဖြစ်နိုင်ဟူ၍မြင် မိသည်။

မည်သည့်ပုဂ္ဂိုလ်ကမျှလည်း ရွေးကောက်ပွဲကို အဓိကထား စိတ်ဝင်စားနိုင်ဖွယ် မရှိသည့် အခြေအနေများဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲမတိုင်ခင် မြင်ရတွေ့ရသည့် မြင်ကွင်းများထဲက အထက်ပါ အချက် နှစ်ချက်ဖြစ်သည့် မဲစာရင်းများ လွန်လွန်ကဲကဲမှားယွင်းနေခြင်းနှင့် သဘောဝဘေးဥပဒ် အန္တရာယ် ကျရောက်ခဲ့ရသည့် နယ်မြေများတွင် စစ်မှန်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများ အထူးအလေးအနက်ထား ပြင်ဆင်ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags