မန်စီတွင် ကေအိုင်အေ နှင့် တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ်

မန်စီတွင် ကေအိုင်အေ နှင့် တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ်

ချင်းမိုင် စက်တင်ဘာ ၁၅။ ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တပ် စက်တင်ဘာလ ၁၅ ရက်က တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာတွင် အစိုးရ စစ်တပ်ရင်း နှစ်ရင်ခန့်က ထိုးစစ်ဆင်လာသဖြင့် ယနေ့ (စက်တင်ဘာ ၁၅ရက်) ညနေ ၃ နာရီခွဲချိန်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ခုန ၃ နာရီခွဲမှာ မုန်ဒိန်းပါမှာ ကျနော်တို့ တပ်ဖွဲ့တွေ ရှိနေတဲ့နေရာကို အစိုးရစစ်ကြောင်း နှစ်ကြောင်း တက်လာ လို့ တိုက်ပွဲ ဖြစ်လာတယ်။ ခုတော့ ငြိမ်နေတယ်။ အစိုးရ စစ်တပ်ကလည်း အဲဒီအနီး တဝိုက်မှာဘဲ ရှိနေတုန်းဘဲ။ အခုက နှစ်ဖက်စလုံးစောင့်ကြည့်နေတုန်းဘဲ”ဟု ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

တိုက်ပွဲကြောင့် KIA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိသော်လည်း အစိုးရ စစ်တပ်ဘက်တွင် မိုင်းများ နင်းမိသူများရှိသဖြင့် ထိခိုက်ဒဏ်ရာရသူများ ရှိနိုင်မည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် နှစ်ရက်ကြာ ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် ယနေ့ ထပ်မံ ဖြစ်ပွားလာခြင်း ဖြစ်ကာ လက်ရှိ အစိုးရ စစ်ကြောင်းမား ဆုတ်ခွာ သွားခြင်း မရှိသေးသဖြင့် နှစ်ဖက် အဆင်သင့်နေရာယူထားကာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

“ကျနော်တို့ ရှိနေတဲ့ နေရာကိုသူတို့တက်လာလို့ တိုက်ပွဲပြန်ဖြစ်တာ။ ဒီမှာက သစ်လုပ်ငန်းတွလည်း မရှိတော့ဘူး။ ဘာစီးပွားရေးလုပ်တာလည်း မရှိတော့ဘူးဆိုတော့ နယ်မြေစိုးမိုးရေသက်သက် တက်လာတာဘဲ”ဟု သူက ဆက်လက် ပြောဆိုသည်။

မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ နယ်မြေအတွင်း အစိုးရ စစ်တပ်၏ ဗျူဟာ နစ်ခုခန့် လှုပ်ရှားနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

မန်စီမြို့နယ်တွင် အစိုးရနှင့် ကေအိုင်အိုတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးကြောင်း တိုက်ပွဲများ လျော့ချနိုင်ရန်အတွက် ကချင်ပြည်နယ် အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ မကြာမီ တွေ့ဆုံရမည် ဖြစ်သော်လည်း တွေ့ဆုံမည့် ရက်သတ်မှတ်ခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

“ဒီနေ့ တိုက်ပွဲဖြစ်တာ အသေးစိတ်မသိသေးဘူး။ တွေ့ဖို့ လိုနေတယ်။ နေပြည်တော် အစည်းအဝေးကလည်း ဘာမှမဆုံးဖြတ်နိုင်ဘူး၊ စစ်တပ်နဲ့ ပတ်သက်တဲ့ မင်းအောင်လှိုင်နဲ့လည်း မတွေ့ခဲ့ဘူးဆိုတော့ တိုက်ပွဲ လျော့ချဖို့က ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ကနေ ဆွေးနွေးဖို့ဘဲရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေမှုကို ညှိနှိုင်းဆွေးနွေးရန်အတွက် ကချင်ပြည်နယ် အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် ကေအိုင်အို ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေအဖွဲ့တို့ စက်တင်ဘာလဆန်းပိုင်းတွင် တွေ့ဆုံရန် သဘောတူထားသော်လည်း တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ နေပြည်တော်သို့ သွားရောက် ဆွေးနွေးနေသဖြင့် ၎င်းတို့ဆွေးနွေးမှု ဆိုင်းငံ့ထားခဲ့သည်။

အစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုက လျော့သွားတာ မရှိသလို၊ နယ်မြေစိုးမိုးရေးက ပုံမှန်ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု သူက ပြောဆိုသည်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လမှ သြဂုတ်လအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သောလည်း ယခုလတွင်မှု တိုက်ပွဲ ထပ်မံ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည်ဟု သူက ပြောသည်။

သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်း KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆၊ ၃၈၊ ၃၉ နယ်မြေများတွင်လည်း တိုက်ပွဲ နေ့စဉ်ဆိုသလို ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်

ုKIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း လက်မှတ်ရေးထိုးရေး အပြီးသတ် ဆွေးနွေးရန် စက်တင်ဘာလ ၉ ရက်က နေပြည်တော်သို့ သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly