မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေသစ် ၂၀၁၆နှစ်ဆန်းပို်င်းတွင် ထွက်လာရန် မျှော်မှန်း

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေသစ် ၂၀၁၆နှစ်ဆန်းပို်င်းတွင် ထွက်လာရန် မျှော်မှန်း
နေပြည်တော်ရှိ ဗဟိုဘဏ်ရုံးချုပ် (ဓာတ်ပုံ-မင်းမင်း)

နေပြည်တော်၊ စက်တင်ဘာ ၁၅။ ။ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေသစ်ကို လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီး  အမျိုးသားလွှတ်တော်ကို တင်ပြထားပြီးဖြစ်ရာ ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတွင် ထွက်ရှိလာရန် မျှော်မှန်းရသည်ဟု ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါ်စန္ဒာဦးက မဇ္ဈိမကို ပြောသည်။

“ဒီဥပဒေအသစ် ပြဌာန်းနိုင်ပြီဆိုရင် ပြည်တွင်းဘဏ်တွေက ကိုယ်လုပ်ချင်တဲ့ ဘဏ်ဝန်ဆောင်မှုအသစ်တွေကို လွတ်လွတ်လပ်လပ် ထည့်သွင်းလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်၊ အခုလောလောဆယ်တော့ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) ကို တင်ပြထားတယ်” ဟု စက်တင်ဘာလ ၁၅ရက်က နေပြည်တော်တွင် ပြုလုပ်သည့် Myanmar Global Investment conference 2015 တွင် မဇ္ဈိမနှင့် သီးခြားတွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်က “ကျွန်တော်တို့ ပြည်တွင်း ဘဏ်တွေအနေနဲ့ အခုနှစ်ပိုင်းတွေထဲမှာ တိုးတက်လာတဲ့အပိုင်းတွေရှိသလို တစ်ဘက်မှာကလည်း ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကို အထောက်အကူပြုနိုင်မယ့် အပိုင်းတွေကလည်း လိုအပ်နေဆဲဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ယခုထွက်ပေါ်လာမည့် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအသစ်သည် ၁၉၉၀ခုနှစ်ကတည်းက အတည် ပြုပြီးဖြစ်သော ဥပဒေကို ပိုမိုပြည့်စုံအောင် ရေးဆွဲထားခြင်းဖြစ်ပြီး နိုင်ငံခြားဘဏ်များအတွက် စည်းမျဉ်း ပြဌာန်းချက်များနှင့် အသေးစားအလတ်စားလုပ်ငန်းများ အပေါင်ပစ္စည်းမလိုဘဲ ဘဏ်များမှ ငွေချေးနိုင်ရန် Credit ဗျူရိုတည်ထောင်သွားရန် အချက်များလည်း ပါဝင်လာမည်ဟု ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်စန္ဒာဦးက ဖြည့်စွက်ပြောဆိုသည်။

“အခုအစိုးရသစ်လက်ထက်မှာ စီးပွားရေးကို အထောက်အကူပြုတဲ့ ဥပဒေထွက်ပေါ်လာတာကောင်းတဲ့ လက္ခဏာလို့မြင် ပါတယ်၊ ဒါပေမယ့် ဥပဒေပြုကို အတည်ပြုရေးအပိုင်းတွေမှာ ကြန့်ကြာနေတာတွေကိုလည်း တွေ့နေရတယ်” ဟု မြန်မာနိုင်ငံ ဥပဒေဝန်ဆောင်မှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဥပဒေပြုရေးအပိုင်းနှင့် ပတ်သတ်သည့် မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို အခုအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများသည် ငွေကြေးအခက်များစွာ ကြုံတွေ့နေ ရပြီး ဘဏ်များမှတစ်ဆင့် ငွေကြေးအကူအညီရရှိဖို့ လိုအပ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံဘဏ္ဍာရေးနယ်ပယ် လေ့လာသူများက လက်ရှိအချိန်အထိ ပြည်တွင်းဘဏ်များနှင့် ထိတွေ့ဆက်ဆံသူ မြန်မာနိုင်ငံသားအရေအတွက်မှာ လူဦးရေ၏ နှစ်ဆယ်ရာခိုင်နှုန်း (၂၀ ရာခိုင်နှုန်း) အောက်တွင်ရှိသည်ဟု သုံးသပ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly