၂၀၁၅ ရွေးကောက်ပွဲရလာဒ် အလေးထားဖို့ ဒေါ်စုပြော

နေပြည်တော်၊ စက်တင်ဘာ ၁၅ ။ ။ လာမည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်မျှတပြီး တည်ငြိမ်အေးချမ်းစွာဖြစ်မြောက်ရန် လိုအပ်သလို ပြည်သူ့ဆန္ဒဖြင့် ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလာဒ်အပေါ် အထူးအလေးထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“၂၀၁၅ခုနှစ် ရွေးကောက်ပွဲရဲ့ စစ်မှန်တဲ့ အောင်မြင်မှု အတိုင်းအတာဟာ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မည်မျှခရီးရောက်ပြီး မည်မျှအနှစ်သာရရှိတယ်ဆိုတာကို ထင်ရှားစွာပြသမှာ ဖြစ်ပါတယ်” ဟု နေပြည်တော်၊ လွှတ်တော်သဘင်ဆောင်တွင် စက်တင်ဘာ ၁၅ရက်ကပြုလုပ်သော ၂၀၁၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲရလာဒ်ကို အလေးထားရန်ပြောဆိုလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLDပါတီသည် ၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း ထိုစဉ် စစ်အစိုးရက လွှတ်တော်သို့ပင် ခေါ်ယူခြင်းမရှိဘဲ အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပေ။

သို့သော် လာမည့်အထွေထွေရွေးကောက်ပွဲရလာဒ်ကို လိုက်နာရန် ပျက်ကွက်ပါက မြန်မာနိုင်ငံကို နိုင်ငံတစ်ကာအသိုင်းအဝိုင်းက လက်ခံရန် မဖြစ်နိုင်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာမရှိကြောင်း အမေရိကန်အစိုးရ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဗွီအိုအေမြန်မာပိုင်း၏ မေးမြန်းမှုကို ပြောဆိုထားသည်။

မြန်မာနိုင်ငံအား မှန်ကန်သည့် မှန်ကန်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲရန် ဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံဥပဒေပြင်ဆင်ရေးအပြင် လုပ်ဆောင်စရာ များပြားစွာရှိနေသည်ဟုလည်း ဒီမိုကရေစီနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ပြင်ဆင်ပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLDပါတီအနေဖြင့် ရွေးကောက်ပွဲရလာဒ်အရ အစိုးရဖွဲ့နိုင်သည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတဖြစ်ခွင့်မရှိပေ။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒေါ်အောင်ဆန်းစုကြည်အား သမ္မဖြစ်ခွင့်ကန့်သတ်ထားခြင်းနှင့် ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော်တွင်း ၂၅ရာခိုင်နှုန်းသော စစ်တပ်ပါဝင်နေခြင်းမှာ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စဉ်နှင့် မကိုက်ညီသောကြောင့် ပြင်ဆင်ရန်လိုအပ်သည်ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားသည်။

၁၉၉၀ရွေးကောက်ပွဲ၏ အနိုင်ရလာဒ်ကို မျက်ကွယ်ပြုခံရသည့် NLDပါတီသည် ၂၀၁၀အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်တွင် ၄၃နေရာ အနိုင်ရရှိခဲ့သည်။

“၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ဒီမိုကရေစီဖြစ်စဉ်ရဲ့ အဓိကအကျဆုံးလုပ်ငန်းဖြစ်တဲ့ ဥပဒေပြုရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရခဲ့တာကို ဂုဏ်ယူတန်ဖိုးထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောဆိုသွားသေးသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီအရေးအတွက် ပြည်သူများပါဝင်ဆောင်ရွက်” ဖြစ်ပြီး ထိုဆောင်ပုဒ်နှင့်ကိုက်ညီစွာ ပြည်သူများ၏ ပါဝင်မှုဖြင့်သာ ရွေးကောက်ပွဲအောင်မြင်စွာ ပြီးမြောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားအား လွှတ်တော်သဘင်ဆောင်တွင် ကျင်းပခဲ့သည်မှာ ် (၅)ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယခုနှစ်တွင်မူ လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly