အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၉ အသင်း ပဏာမ ၂၃ ဦး ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်

အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၉ အသင်း ပဏာမ ၂၃ ဦး ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်
အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

စက်တင်ဘာ ၁၅၊ ရန်ကုန်။       ။ ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် စက်တင်ဘာလ ၁၄ ရက်မှ စတင်ကာ ပဏာမကစားသမား ၂၃ ဦးရွေးချယ်၍ စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိသည်။

အဆိုပါ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) ကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပသွားမည် ဖြစ်ပြီး လာမည့် စက်တင်ဘာ ၂၈ ရက် မှ အောက်တိုဘာ ၆ ရက်နေ့ထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ အုပ်စု (ဆ) တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမော အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စုတွင်း အမှတ်အများဆုံး အသင်းတစ်သင်းစီနှင့် အုပ်စု ၁၀ ခုမှ အကောင်းဆုံး ဒုတိယ ငါးသင်းတို့ ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ခုနစ်ကြိမ်တိုင် ဗိုလ်စွဲကာ ဒုတိယအအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သလို ပြီးခဲ့သည့် ၂၀၁၅ အာရှ ယူ-၁၉ ပြိုင်ပွဲတွင်လည်း ဆီမီးအဆင့်ထိ တက်ရောက်ကာ ပထမဦးဆုံး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဂတ်ဆီဇီ ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြအဖြစ် ဦးညီညီလတ်နှင့် ဦးအောင်ခိုင်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
 

အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲဝင်မည့် ပဏာမ မြန်မာ ယူ-၁၉ အသင်း လူစာရင်း

ဂိုး - စိုးအာကာ (ဇွဲကပင်)၊ ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင် (MFF Youth)။

နောက်တန်း - ချမ်းမြေ့ထွန်း၊ ဝင်းမိုးကျော်၊ ဇင်မျိုးထက် (မကွေး)၊ ကျော်သူထွန်း (ရတနာပုံ)၊ ရဲရင့်အောင်၊ စိုးမိုးထွန်း၊ ရဲမင်းသူ၊ မြတ်မင်းသူ (MFF Youth)၊ သူရိန်စိုး (ရန်ကုန်)။

အလယ်တန်း - ဇော်ဝင်းထွန်း (မြဝတီ)၊ ဈာနေယျသူ၊ နိုင်မင်းသူ (MFF Youth)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊ စစ်မင်း (ဇေယျာရွှေမြေ)၊ ကောင်းချစ်နိုင် (ဆောက်သမ်း)၊ ထူးခန့်လွင် (ရန်ကုန်)။

ရှေ့တန်း - အောင်မိုးသူ (MFF Youth)၊ အာကာ (မြဝတီ)၊ အောင်ဇင်ဖြိုး (Horizon)၊ ရွှေကို (မကွေး)။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly