ဗန်ဟားလ် နှင့်ဆက်ဆံရေးက အသင်းပြောင်းဖို့ အဓိကကျခဲ့ ဟု ဒီမာရီ ယာဝန်ခံ

ဗန်ဟားလ် နှင့်ဆက်ဆံရေးက အသင်းပြောင်းဖို့ အဓိကကျခဲ့ ဟု ဒီမာရီ ယာဝန်ခံ

စက်တင်ဘာ ၁၅၊ ပဲရစ်။        ။ နည်းပြဗန်ဟားလ်နှင့်ဆက်ဆံရေးကောင်းမွန်မှုမရှိခဲ့ခြင်းက ပီအက်စ်ဂျီအသင်းသို့ပြောင်းရန် အခြေခံအကျဆုံးအကြောင်းပြချက်တစ်ခုဖြစ် သည်ဟု ဒီမာရီယာက ဝန်ခံပြောဆိုလိုက်သည်။

ဗန်ဟားလ်သည် ၂၀၁၄ သြဂုတ်တွင် ရီးယဲလ်မက်ဒရစ်အသင်းထံမှ ဒီမာရီယာကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်း ဖြင့်ခေါ်ယူခဲ့သော်လည်း ယင်းအာဂျင်တိုင်းမှာ နယ်သာလန်လူမျိုးဗန်ဟားလ်၏ နည်းစနစ်နှင့်အံဝင်ရန်ရုန်းကန်ခဲ့ရပြီး ကွင်းပြင်ပပြဿဿနာ ကြောင့်လည်း ပီအက်စ်ဂျီသို့ ပေါင် ၄၄ ဒသမ ၃ သန်းဖြင့်ပြောင်းရွှေ့သွားခဲ့ရသည်။ ဒီမာရီယာနှင့်မိသာစုငှားရမ်းနေထိုင်သည့် အိမ်မှာလည်း ဖောက်ထွင်းခံရသေးသည်။

"နည်းပြနဲ့က သိပ်အဆင်မပြေခဲ့ဘူးလေ။ ဒါကြောင့် ပီအက်စ်ဂျီကိုပြောင်းဖို့ဆုံးဖြတ်တာက ဖြေရှင်းနည်းတစ်ခုလို့ ကျွန်တော်စဉ်းစားမိခဲ့ပါ တယ်။ အိမ်ပါဖောက်ခံလိုက်ရတော့ ဆက်နေဖို့ အကြောင်းပြချက်မရှိတော့ဘူး။ ကျွန်တော့်မိသားစုလည်း မပျော်တော့ဘူး။ ကျွန်တော့်သမီး ဆိုရင် ထိခိုက်ခံစားခဲ့ရတယ်။ ဒီတော့ ပြောင်းဖို့အရေးကြီးခဲ့တယ်။

အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်တို့မပျော်ခဲ့ပါဘူး။ အစပိုင်းမှာတော့ နည်းနည်းပျော်ခဲ့တယ်။ ဒါပေမဲ့လည်း ရှုပ်ထွေးတာတွေရှိလာတယ်။ အင်္ဂလန်မှာနေရတဲ့ဘဝက နည်းနည်းခက်ခဲပါတယ်။ တောင်အမေရိကသားတစ်ယောက်အတွက်တော့ မလွယ်ဘူး။ တစ်ချို့အဆင်ပြေကြ ပေမယ့် တစ်ချို့ကြတော့ အဆင်ပြေဖို့ခက်ပါတယ်"ဟု ဒီမာရီယာက လီပဲရစ်ဆီယန်သို့ပြောသည်။

မန်ယူအသင်း ဥရောပပြိုင်ပွဲမကစားရခြင်းမှာလည်း စိတ်ရှုပ်စရာဖြစ်ခဲ့ရသည်။ "ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက်ခက်ခဲ့တဲ့ ရာသီတစ်ခုဖြစ်ခဲ့ ပါတယ်။ ပွဲများများမကစားခဲ့ရတဲ့အပြင် အရင်တစ်နှစ်က ရီးယဲလ်နဲ့ဖလားရထားတဲ့ကျွန်တော့်အတွက် ချန်ပီယံလိဂ်ကိုတီဗွီကပဲကြည့်ခွင့်ရတာ တော်တော်ဆိုးတယ်။ အခုပြင်သစ်မှာတော့ စပိန်နဲ့ပေါ်တူဂီတုန်းကထက် နည်းနည်းမဆိုးဘူးလို့ဆိုရပါမယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော် တို့မိသားစု ရာနှုန်းပြည့်ကျေနပ်နေကြတယ်"ဟု ဒီမာရီယာက အဆုံးသတ်ပြောဆိုသည်။

Ref; the guardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly