ပါတီတွင်းအာဏာသိမ်းကာ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်းကို ဖယ်ရှားပြီး ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

ပါတီတွင်းအာဏာသိမ်းကာ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်းကို ဖယ်ရှားပြီး ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

ကင်ဘာရာ၊ စက်တင်ဘာ-၁၅။ ။ ကွန်ဆာဗေးတစ်ခေါင်းဆောင် တိုနီအက်ဘော့အား ဆန့်ကျင်အာဏာသိမ်းပြီး နာရီပိုင်းအကြာတွင် သန်းကြွယ်သူဌေး ဘဏ်လုပ်ငန်းရှင်ဟောင်း မယ်လ်ကွန် တန်းဘူးက သြစတြေးလျ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ခေါင်းဆောင်မှု ပုံစံသစ်ဖြစ်စေရမည်ဟုလည်း ကတိကဝတ်ပြုခဲ့သည်။

တန်းဘူးမှာ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်ပြီး အဖယ်ရှားခံရသည့် အက်ဘော့ကမူ သြစတြေးလျ၏ နိုင်ငံရေးအစဉ်အလာမှာ ဆုံလည်တံခါးသဖွယ် အဝင်အထွက် များလွန်းလှပြီး နိုင်ငံအတွက်မကောင်းဟု ဝေဖန်ခဲ့သည်။

''သြစတြေးလျ နိုင်ငံသားတစ်ယောက်ဖြစ်ရတာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ပါ''ဟု တန်းဘူးက မြို့တော်တွင် ကျမ်းသစ္စာမကျိန်ဆိုမီ သတင်းထောက်များအား ပြောကြားခဲ့သည်။  

''ကျနော်မျှော်လင့်မထားတဲ့ အလှည့်အပြောင်းပါပဲ။ ဒါပေမယ့်လည်း ဒါဟာ ကျနော်ထမ်းရွက်ဖို့ အခွင့်ကြုံလာတာပါ။ ကျနော်နဲ့ ထိုက်တန်တဲ့အရာပါ''ဟုလည်း တန်းဘူးက ပြောကြားခဲ့သည်။

ယုံကြည်မှုရှိသည့် ရှေ့နေဟောင်းတစ်ဦးဖြစ်သူ တန်းဘူးက အက်ဘော့၏ သွေးကွဲစေသော အုပ်ချုပ်မှုနှင့် ဆန့်ကျင်ဘက် ညှိနှိုင်းတိုင်ပင်မှုရှိသော အစိုးရကို ထူထောင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။   

''၂၀၁၅မှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုရင် သူတို့ရဲ့ဉာဏ်ပညာကို လေးစားအသိအမှတ်ပြုတဲ့နည်းနဲ့ လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲခေါ်နိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ လိုအပ်တာက ကြွေးကြော်သံတွေမဟုတ်ဘူး။ ရပ်ခံမှုပါ''ဟု တန်းဘူးက ပြောကြားခဲ့သည်။

တန်းဘူးမှာ အက်ဘော့အားစိန်မခေါ်မီ အက်ဘော့၏ အစိုးရအဖွဲ့တွင် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။  

''လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ နိုင်ငံရေးရဲ့ သဘောသဘာဝဟာ ပြောင်းလဲသွားခဲ့တယ်။ မဲစစ်တမ်းတွေ၊ မှတ်ချက်စကားတွေဟာ အရင်ကထက်ပိုပြီး ခါးခါးသီးသီး နိုင်ငံရေး လုပ်ကြံမှုဆန်လာတယ်'' ဟု အက်ဘော့က နှုတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အက်ဘော့မှာ ၂၀၁၃ခုနှစ် စက်တင်ဘာလက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ၍ တက်လာခဲ့သူဖြစ်သော်လည်း ပထမဆုံး ဘတ်ဂျက်တွင်ပင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်ကို သိသိသာဖြတ်တောက်လိုက်သောကြောင့် လူကြိုက်နည်းလာခဲ့သည်။

အက်ဘော့မှာ မဲစစ်တမ်းရလဒ်များ ဆိုးရွားညံ့ဖျင်းလာပြီး အပြောမှာ အပြုမှားများက လွှတ်တော်နောက်တန်းအမတ်များ၏ တော်လှန်မှု တသီတတန်းကြီးကို ဖြစ်ပွားလာစေပြီးနောက်တွင်လည်း ဖော်ဝါရီလက ခေါင်းဆောင်မှုအကျပ်အတည်းကိုမူ ကျော်လွှားရှင်သန်နိုင်ခဲ့သည်။   

သို့ရာတွင် အက်ဘော့မှာ မဲစစ်တမ်းရလဒ်များကို ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ စီးပွားရေးကို မမြှင့်တင်နိုင်ခဲ့သည့်အပြင် အတွင်းစည်းပေါက်ကြားမှုများကိုလည်း မဟန့်တားနိုင်ခဲ့သောကြောင့် ပါတီ၏ ထောက်ခံမှုကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းပင် ဖြစ်သည်။  

ပါတီက ဒုတိယခေါင်းဆောင်အဖြစ် ပြန်လည်ရွေးကောက်ခဲ့သည့် သြဇာကြီးမားသော နိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့၏ အခိုင်အမာထောက်ခံမှုဖြင့် ခေါင်းဆောင်သစ် တန်းဘူးက ယခုရက်သတ္တပတ်နှောင်းပိုင်းတွင် အစိုးရအဖွဲ့ အပြောင်းအလဲလုပ်မည်ဟု ခန့်မှန်းရသည်။ တန်းဘူးက အစဉ်အလာ ကွန်ဆာဗေးတစ်များကို ရှင်းထုတ်ပြီး လူငယ်သွေးသစ်များ၊ အမျိုးသမီးများကိုလည်း ပိုမိုနေရာပေးလာနိုင်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းနေကြသည်။

ရှေ့နေတစ်ယောက်အနေနှင့်ရော၊ စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်အနေနှင့်ပါ အောင်မြင်မှုရခဲ့သည့် တန်းဘူးက သူ၏ ခေါင်းဆောင်မှုကို ခိုင်မာစေရန်အတွက် ရွေးကောက်ပွဲများကို စောစောကျင်းပဖွယ်မရှိဟုလည်း သုံးသပ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly