အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ အမှား မလုပ်ရန် ထိန်းကျောင်းဖို့ လိုကြောင်း ဦးရွှေမန်းပြော

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ အမှား မလုပ်ရန် ထိန်းကျောင်းဖို့ လိုကြောင်း ဦးရွှေမန်းပြော
၂၀၁၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားအား နေပြည်တော်၊ လွှတ်တော်အဆောက်အဦ အတွင်းရှိ သဘင်ဆောင်တွင် စက်တင်ဘာ ၁၅ရက်၊ မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်စဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ စက်တင်ဘာ ၁၅။ ။ နိုင်ငံတစ်နိုင်ငံအတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လူမှုဘဝများ တိုးတက်စေရေးသည် အရေးကြီးဆုံးဟု သူရဦးရွှေမန်းက ပြောဆိုလိုက်ပြီး ထိုလိုအပ်ချက်များ လုပ်ကြရာတွင် အပြန်အလှန် ထိန်းကြောင်းကြရန် လိုကြောင်း လွှတ်တော်၏ အကြီးအကဲလည်းဖြစ်သူက စက်တင်ဘာ ၁၅ ရက်က ပြောဆိုလိုက်သည်။

"လိုအပ်ချက်များအတွက် ဆောင်ရွက်ကြရာမှာ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ ခက်မ သုံးဖြာဖြစ်တဲ့ ဥပဒေပြု လွှတ်တော်များ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့အစည်းများ အနေနဲ့ မိမိတို့ရဲ့ အခွင့်အာဏာများကို တတ်နိုင်သမျှ ပိုင်းခြား အသုံးပြုပြီး လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း တိမ်းစောင်း မှားယွင်းမှု မဖြစ်ရလေအောင် အပြန်အလှန် ထိန်းကျောင်းခြင်းနဲ့အတူ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်၊ သဘင်ဆောင်တွင်ပြုလုပ်သော အပြည်ပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

အလားတူ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်း ထည့်သွင်းပြောသွားခဲ့သည်။ ယင်းမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ဒီမိုကရေစီ ကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန်ဟု ဆိုသည်။

"ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးလျက်ရှိသည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံများကို ဂုဏ်ပြုရန်နဲ့ အုပ်ချုပ်ရေး အစိုးရအဖွဲ့များ အနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန် ဖြစ်ပါတယ်" ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ အခမ်းအနား ကို ၂၀၁၁ ခုနှစ်က လွှတ်တော်ခမ်းမတွင် ပထမဆုံး ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ ဦးရွှေမန်းသည် အဆိုပါအခမ်းအနား တက်ရောက်လာသူများကို "ဒီမိုကရေစီ ဘက်တော်သားများ ခင်ဗျာ" ဟု ခေါ်ဝေါ်သုံးနှုန်းကာ အခမ်းအနား သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ပြည်သူများအကြား ဒီမိုကရေစီ စိတ်ဓာတ် ရှင်သန်စေရန်နှင့် ဒီမိုကရေစီ ကျင့်စဉ်များ ရှင်သန်နေရန် ဒီမိုကရေစီနေ့ အခမ်းအနားများကို လာမည့် အနာဂတ်ကာလများတွင် အမြဲမပြတ် လုပ်ဆောင်ကြရန်လည်း သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ် ဒီမိုကရစီနေ့တွင် တိုက်တွန်းခဲ့သည်။ အလားတူ လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသသည့် ပြည်သူအားလုံး ဆန္ဒမဲပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

“ပွင့်လင်းမြင်သာပြီး လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးမြောက်နိုင်ရန်မှာ မဲဆန္ဒပေးခွင့်ရှိတဲ့ ပြည်သူများအားလုံး တာဝန်သိသိနဲ့ နိုးကြားတက်ကြွစွာ ပါဝင်ရေးဟာ အလွန်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

၂၀၁၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီအရေးအတွက် ပြည်သူများပါဝင်ဆောက်ရွက်” ဟူ၍ဖြစ်ပြီး အဆိုပါ ဆောင်ပုဒ်သည် “မိမိတို့ မြန်မာနိုင်ငံအတွက် လာမယ့် နိုဝင်ဘာ ၈ရက်မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကြိုဆိုဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုအားပေးခြင်း၊ မဲပေးခွင့်ရှိသူအားလုံး ပါဝင် မဲဆန္ဒပေးရန် နှိုးဆော်တိုက်တွန်းခြင်း စတဲ့ သဘောအဓိပ္ပာယ်များနဲ့ ပြည့်စုံနေတယ်လို့ သုံးသပ်ခံစားရပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

လွှတ်တော်နာယက သူရဦးရွှေမန်းသည် လာမည့်ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိဖြစ်သော ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လာမည့် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ပထမဆုံးအကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲဟု ဒီမိုကရေစီနေ့အခမ်းအနားတွင် သူရဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ပြည်သူအားလုံး ဆန္ဒမဲပေးကြရန်မှာလည်း အလွန်အရေးကြီးကြောင်း ပေါ်လွင်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly