ပညာရှင်များ ခေါင်းမဖေါ်နိုင်သည့် အာဏာရှင် စနစ်ကို ပြင်ပေးမည်ဟု ဒေါ်ညိုညို သင်းမဲဆွယ်

ပညာရှင်များ ခေါင်းမဖေါ်နိုင်သည့် အာဏာရှင် စနစ်ကို ပြင်ပေးမည်ဟု ဒေါ်ညိုညို သင်းမဲဆွယ်
ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ဒေါက်တာ ညိုညိုသင်း (ဓာတ်ပုံ - ဟောင်ဆာ ရာမည)

ရန်ကုန်၊ စက်တင်ဘာ ၁၅။        ။ လာမည့် ၂၀၁၅ နိုင်ဝင်လာ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ဗဟန်းမြို့နယ်မှ တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်း ဒေါက်တာ ညိုညိုသင်းက စက်တင်ဘာလ ၁၀ ရက် ဗဟန်းမြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုတွင် ပညာရှင်များ ခေါင်းမဖေါ်နိုင် ဖြစ်ခဲ့ရသည့် အာဏာရှင် စနစ်ကို ပြင်ဆင်လိုခြင်းကြောင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည်ဟု စည်းရုံး ဟော ပြောခဲ့သည်။

"ပညာရေး စနစ်ထဲမှာလည်း ပညာရှင်တွေဟာ ခေါင်းမထောင်နိုင်ဘဲ အာဏာရှင်တွေရဲ့ အလိုကျ ကပြ အသုံးတော်ခံရင်း ကျမတို့နိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ ကျော် မအောင်မြင်တဲ့ နိုင်ငံ ဖြစ်ခဲ့ရပါတယ်။ အဲဒီနိုင်ငံတော်ကြီးကို ကျမ ပြင်ဆင်ချင်ပါတယ်။" ဟု ဒေါ်ညိုညို သင်းက ပြောသည်။

သူသည် လက်ရှိတွင် ရန်ကုန်တိုင်း တိုင်းဒေသကြီးလွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းလွှတ်တော်တွင် ဒဂုံစီးတီး ကဲ့သို့သော စီမံကိန်းများကို ကန့်ကွက်ခဲ့သူဖြစ်သည်။ နိုင်ငံတော်၏ စီမံကိန်းအချို့သည် ပြည်သူလူထု ဘဏ္ဍာကို ဖြုန်းတီးနေသည်ဟု စက်တင်ဘာ ၁၅ ရက် မဲဆွယ်မှုတွင် ပြောသွားခဲ့သေးသည်။

"ကျမတို့နိုင်ငံမှာ ပြည်သူလူထုအတွက် နိုင်ငံတော်အတွက် ကျမတို့ရဲ့ မျိုးဆက်သစ်တွေအတွက် လုံးဝကို အကျိုးမရှိတဲ့ နိုင်ငံတော် စီမံကိန်းတွေ ပြည်သူ့ဘဏ္ဍာငွေကို အလဟသ ဖြုန်းတီးနေတဲ့ နိုင်ငံတော် စီမံကိန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီစီမံကိန်းတွေကို တစ်ခုချင်း တစ်ခုချင်း ပယ်ဖျက်ပိတ်သိမ်းပေးဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ပြည်သူ့ဘဏ္ဍာငွေကို ယိုဖိတ်စေတဲ့ အကြီးမားဆုံး အကြောင်းတရားပဲ ဖြစ်ပါတယ်" ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ရွေးကောက်ပွဲ ဝင်ရခြင်း အကြောင်း တစ်ချက်အဖြစ် "စနစ်တစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ဘဝတွေကို ဒီ့ထက်ပိုပြီးတော့ မြင့်မား တိုးတက်စေချင်တာဟာ ကျမရဲ့ စေတနာမှန်ပဲ ဖြစ်ပါတယ်" ဟုလည်း သူက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly