မြန်မာ့တပ်မတော်ကို နည်းပညာတိုးတက်ပြီး အဆင့်အတန်းမြင့်စေရန် တည်ဆောက်မည်ဟု NLD ကြေညာ

မြန်မာ့တပ်မတော်ကို နည်းပညာတိုးတက်ပြီး အဆင့်အတန်းမြင့်စေရန် တည်ဆောက်မည်ဟု NLD ကြေညာ
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားအားတွင် စစ်ရေးပြနေသည့် တပ်မတော်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ။ ။ မြန်မာ့တပ်မတော်ကို နည်းပညာပိုင်းဆိုင်ရာတိုးတက်ပြီး ခေတ်မီအဆင့်အတန်း မြင့်မားသည့် တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြေညာလိုက်သည်။ NLD က ၎င်းတို့၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ 'ကာကွယ်ရေးနှင့် လုံခြုံရေး' အတွက် ဆောင်ရွက်မည့် သဘောထား နှင့် လုပ်ငန်းစဉ်အဖြစ် ထည့်သွင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။

'နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ပထဝီသဘောသဘာဝ အခြေအနေများနှင့် ကိုက်ညီသော မဟာဗျုဟာအရ စစ်ရေးစွမ်းရည်ထက်မြက်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်သော တပ်မတော်အဖြစ် ခေတ်မီ၍ အဆင့်အတန်း မြင့်မားအောင်တည်ဆောက်သွားမည်။' ဟု ဖော်ပြထားသည်။

နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေး အခန်းကဏ္ဍအတွက် NLD က ဆောင်ရွက်မည့် အချက် ၆ ချက် မှ ဒုတိယအချက်အဖြစ် ထည့်သွင်းထားသည်။ ကြေညာစာတမ်းတွင် တပ်မတော်သည် နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အဖွဲ့အစည်းဖြစ်သည်ဟု NLD က အသိအမှတ်ပြုဖော်ပြထားသည်။ ထို့ပြင် ဒီမိုကရေစီကျင့်စဉ်များကို ကာကွယ်ဖြည့်ဆည်းပေးသည့် ဂုဏ်သိက္ခာ ရှိသော အင်အားစုဖြစ်ရမည်ဟုလည်းဆိုသည်။

'တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေးယန္တယားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန်' နှင့် 'ပြည်သူတို့ ၏ ယုံကြည်အားကိုး လေးစားသော တပ်မတော်' ဖြစ်စေရေး မူဝါဒအပေါ် NLD က ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ပြည်သူများ၏ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ကိုလည်း တရားဥပဒေစိုးမိုးရေး အောက်တွင် ဥပဒေများနှင့်အညီ ဆောင်ရွက်သော လွတ်လပ်သည့် တပ်ဖွဲ့တစ်ခုဖြစ်စေရေးနှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် နိုင်ငံတကာအရည်အသွေးမီသည့် ရဲတပ်ဖွဲ့ဖြစ်စေရေးကို ဦးတည်မည်ဟု NLD ရွေးကောက်ပွဲကြေညာစာတမ်း၌ ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags