အမေရိကန်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို မူးယစ်ဆေးဝါး အဓိကတင်ပို့ထုတ်လုပ်ရာ နိုင်ငံများအဖြစ် သတ်မှတ်

အမေရိကန်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို မူးယစ်ဆေးဝါး အဓိကတင်ပို့ထုတ်လုပ်ရာ နိုင်ငံများအဖြစ် သတ်မှတ်

အာဖဂန်နစ္စတန်၊ မြန်မာနှင့် မက္ကဆီကိုနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံအား မူးယစ်ဆေးဝါးအဓိက တင်ပို့ရာ၊ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရာ နိုင်ငံများအဖြစ် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက စက်တင်ဘာ ၁၄ ရက်က သတ်မှတ်စာရင်းသွင်းသည်။

"ပထဝီအနေအထား၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များက မူးယစ်ဆေးဝါးကုန်ကူးခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို ဖြစ်စေ၍ မူးယစ်ဆေးဝါးကုန်ကူးမှုများကို တိုက်ဖျက်နေသည့် ယင်းနိုင်ငံများအတွက် စာရင်းတွင် ဆက်လက်ပါဝင်ကာနေရခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က သတိကြီးစွားထားကာ မှတ်ချက်ပြုသည်။

ဘိုလီးဗီးယား၊ မြန်မာနှင့် ဗင်နီးဇွဲလားနိုင်ငံတို့က နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသဘောတူညီမှုကို လိုက်နာစောင့်ထိန်းခြင်းအား ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း လက်ဆုပ်လက်ကိုင် ခိုင်ခိုင်မာမာ ပြသနိုင်ခြင်းမရှိကြောင်း သမ္မတရုံးမှ ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံသို့ ပေးပို့ခဲ့သည်။

မြန်မာနှင့် ဗင်နီဇွဲလားနိုင်ငံတို့ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုကုန်ကူးမှုများတိုက်ဖျက်ရေးတွင် ကူညီပေးခြင်းသည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားအတွက် မရှိမဖြစ်ဖြစ်ကြောင်း အိုဘားမားက ကြေညာလိုက်သည်။

မကြာသေးမီက ဆက်ဆံရေးပြန်လည်ထူထောင်ကာ အမေရိကန်စီးပွားရေးများ ရင်းနှီးမြုပ်နှံမှုကို အိုဘားမားအစိုးရက ခွင့်ပြုပေးလိုက်သည့် မြန်မာနိုင်ငံနှင့်အတူ လာအိုနိုင်ငံတို့သည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး အများဆုံးထွက်ရှိရာ နိုင်ငံများဖြစ်သည်။

"မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့မှာ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုတွေကို တိုက်ဖျက်ရေးက ဒီနိုင်ငံတွေရဲ့ အဖွဲ့အစည်းတွေ အားကောင်းဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးမှု ခိုင်မာဖို့ လိုအပ်ပါတယ်။"ဟု အိုဘားမားက အလေးအနက်ဖော်ပြခဲ့သည်။

၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ထွက်ရှိရာ အဓိကနိုင်ငံများစာရင်းသည် ယခင်နှစ်ကအတိုင်း မပြောင်းမလဲရှိသည်။ ယင်းနိုင်ငံများ စာရင်းမှာ အာဖဂန်နစ္စတန်၊ ဘာဟားမား၊ ဘီလစ်၊ ဘိုလီဗီးယား၊ မြန်မာ၊ ကိုလံဘီယာ၊ ကိုစတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်ဆာဗာဒို၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျာမကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလားတို့ဖြစ်ကြသည်။
Ref: washingtonexaminer

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly