ယိုယွင်းပျက်စီးလျက်ရှိသော အခြေခံ စိတ်ဓါတ်များ ကိစ္စ

ယိုယွင်းပျက်စီးလျက်ရှိသော အခြေခံ စိတ်ဓါတ်များ ကိစ္စ

ယခုအခါ မိမိတို့နိုင်ငံသည် ဆင်းရဲမွဲတေသော စီးပွားရေးအခြေအနေမှ ခေါင်းထူလာနိုင်ခြင်းမရှိသေးပါ။ နှိုင်းယှဉ်မှုအရ ပြောရလျင် ယခင် နှစ်ခြောက်ဆယ်ကျော်က အရှေ့တောင်အာရှတွင် အချမ်းသာဆုံး တိုင်းပြည် တစ်ခုအဆင့်မှ နိမ့်ကျလာခဲ့သည့် စီးပွားရေးအနေအထားမှာ ယခုအထိ ထူမဆယ်ယူလို့ မရနိုင်သေးပဲ ပြည်သူ တွေ ဆင်းရဲနေကြရစဲ ဖြစ်ပါသည်။

သည်နေရာတွင် စီးပွားရေးတွင်သာ နိမ့်ကျလာနေစဲ ဖြစ်သည်ဟုပြောလျင် မလုံလောက်သေးဟု ယူဆ ရပါသည်။ မိမိတို့ နိုင်ငံသားများရဲ့ အခြေခံစိတ်ဓါတ် စိတ်ထားများသည်လည်း နိမ့်ကျလာနေခဲ့သည်မှာလည်း ပြန်လည်ထူမဆယ်တင်လို့ မရနိုင်လောက်အောင် ဖြစ်နေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

ပညာရှင်များရဲ့ယူဆချက်တစ်ခုကမူ လူတွေစီးပွားရေးအပေါ်မူတည်လျက် လူ့အတွေးအခေါ်ခံယူူချက် စိတ်နေစိတ်ထားများသည်လည်း လိုက်ပါပြောင်းလဲရသည်ဟု ယူဆမှုအရ ပြောရလျင် လူတွေစီးပွားရေး ကျဆင်းလာသည့်အတွက် လူ့စိတ်ထား အခြေအနေများ ကိုယ်ကျင့်တရားများ၊ ကိုယ်ချင်းစာတရားများသည် လည်း ကျွဲကူးရေပါဆိုသလို နိမ့်ဆင်း ပျက်ယွင်းလာခဲ့ရသည်ဟု ယူဆသည်များလည်း ရှိပါသည်။

သည်နေရာတွင် စီးပွားရေးနိမ့်ကျနေမှုကို မီးမောင်းထိုး မပြောလိုပါ။ လူတွေ အခြေခံစိတ်ဓါတ်များ နိမ့်ဆင်းလာနေမှုကိုပင် အထူးပြု ပြောလိုပါသည်။ ဥပမာ ပြစရာတွေကလည်း ဝေးဝေးလံလံတော့ မရှိပါ။ မိမိတို့နေထိုင်သည့် ရပ်ကွက် ကျေးရွာများအတွင်း လမ်းတွေပေါ် ဆင်းလျှောက်ကြည့်လိုက်လျင်ပင် အထင်အရှား တွေ့ကြရမည် ဖြစ်သည်။

ဥပမာ မိမိနေထိုင်သည့် ရပ်ကွက်ထဲက လမ်းတစ်ခုပေါ် လမ်းလျှောက်ကြည့်လိုက်ပါ။ ယင်းလမ်းထဲတွင် ရေဗွက်များ ရှိနေသည် ဆိုပါအံ့။ လမ်းဘေးတွင် ရပ်ထားသော ကားနှင့် ဆိုက်ကားများသည် ရေဗွက်နှင့်လွတ် ရာ လူတစ်ဦးသာမျှသာ ရှိသည့် မြေလမ်းပေါ်တွင်သာ ရွေးပြီး ရပ်ထားကြသည်ကို တွေ့ကြရမည် ဖြစ်သည်။ ကားပိုင်ရှင်များ ဆိုက်ကားပိုင်ရှင်များသည် လူတွေ ရေဗွက်လွတ်သည့်နေရာမှ သွားပါစေတော့ဆိုသည့် စိတ်မထားကြပဲ မိမိတို့ပစ္စည်းများ အဆင်ပြေစေမည့် နေရာသဘော သက်သက်သာ ရွေးချယ် နေရာယူထား ကြသည်ကို တွေ့ကြရမည်သာ ဖြစ်သည်။

ထို့ပြင် လမ်းပေါ်လမ်းဘေး လမ်းလျှောက်လာသူ အချင်းချင်းသည်လည်း လမ်ဖယ်ပေးရမှာ သူတပါးကို ဦးစားပေး လမ်းပေးရကောင်းမှန်း မသိတော့ပဲ သူတို့၏ မျက်နှာ အနေအထားများသည်လည်း ထိုကဲ့သို့ လူမှုရေး စိတ်ထား ပျက်ကွက်ချို့ယွင်းနေသည့် အဖြစ်ကို သတိပြုမိဟန်ပင် မရှိ။ လုပ်ရိုးလုပ်စဉ် အလုပ်တခုအနေဖြင့် သဘောထား သွားလာနေကြသည်ကို တွေ့ကြရမည် ဖြစ်သည်။

နောက်ထပ် ဥပမာ ရှိပါသေးသည်။ အမျိုးသမီးတစ်ဦးတည်း မောင်းနှင်လာသည့် ကားများကို မသမာ သူတချို့က လိုက်လံ နှောက်ယှက်ခြင်း အကြမ်းဖက် လုယက်ခြင်းနှင့် အဓမ္မပြုကျင့်ဖို့အထိ လုပ်ကိုင်လာကြ သည့် သတင်းများကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ကာယကံရှင်များကိုယ်တိုင် ပြန်လည် ရေးသား ဖော်-ပြလာနေကြသည့် အဖြစ်အပျက်များ ဖြစ်သည်။ ထိုမသမာသူတို့သည် ကားကြပ်လို့ ကားရပ်ထား ရစဉ် မီးပွိုင့်တွင် ကားရပ်ထားရစဉ် ကားနောက်တံခါးကို မသိမသာ အနားကပ် လာပြီးဖွင့်လျက် ကားပေါ်တက် လက်နက်တစ်ခုခုပြကာ လုယက်ဖို့ ကြိုးစားကြသည့်သတင်း ဖြစ်သည်။

နောက်ထပ် ဥပမာတစ်ခု ရှိပါသေးသည်။ လမ်းသွားလမ်းလာများသည် မိမိတို့ သုံးဆောင်ပြီးသည့် အစားအသောက်အထုပ်များ ဗူးခွံများကို သည်အတိုင်း လမ်းပေါ်တွင် ပစ်ချထားခဲ့ခြင်းများ ဖြစ်သည်။
သည်လိုအပြုအမူ အကြံအစည် စိတ်နေစိတ်ထားများမှာ စီးပွားရေးကျဆင်းလို့ လူတွေ စီးပွားပျက်လို့ ဖြစ်ပေါ်လာရသည့် စိတ်ဓာတ် ပျက်ပြား ယိမ်းယိုင်မှုများ ဖြစ်သည်ဟု ယူဆချက် တစ်ခုတည်းနဲ့တော့ လုံလောက်သည့် ယူဆချက် မဟုတ်ပါ။ သို့သော် မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့လူမျိုးများ အခြေခံ လူ့စိတ်ထားများ တဖြေးဖြေး နိမ့်ကျ ပျက်ပြားလာနေသည်ကတော့ လက်တွေ့ မျက်တွေ့ပင် ဖြစ်သည်။

ထို့ကြောင့် မိမိတို့လူမျိုးများ ယဉ်ကျေးမှု မြင့်မားပြီး လူ့အခြေခံ စိတ်ဓါတ်များ ပြန်လည်မြင့်တက်လာစေ ရေး နည်းလမ်းရှာ ဖြေရှင်းကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags