မင်းပြားမြို့နယ်တွင် ANP အမတ်လောင်းများ စည်းရုံး

မင်းပြားမြို့နယ်တွင် ANP အမတ်လောင်းများ စည်းရုံး
မင်းပြားမြို့နယ်အတွင်း စည်းရုံး ဟောပြောနေသည့် ANP ပါတီဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ/ DMG)

မင်းပြား၊ စက်တင်ဘာ ၁၄။ ။ မင်းပြားမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမတ်လောင်းများနှင့် ပါတီဝင်များသည် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မဲဆွယ် စည်းရုံးနေပြီဖြစ်သည်။

မြေပုံ-မင်းပြား နှစ်မြို့နယ်ပေါင်း အမျိုးသား လွှတ်တော်သို့ ဝင်ပြိုင်မည့် ANP ၏ ဗဟိုကော်မတီဝင် ဦးအေးသာအောင်နှင့် မင်းပြားမြို့နယ်ပါတီဥက္ကဋ္ဌအဖွဲ့တို့ ခွေးတောက်ချောင်းကျေးရွာသို့ စက်တင်ဘာလ ၁၁ ရက်နေ့က သွားရောက် စည်းရုံးရေး ဆင်းခဲ့ကြောင်း သိရသည်။

ဦးအေးသာအောင်က "ပါတီရဲ့ မူဝါဒတွေကို ချပြတယ်။ ရခိုင် အမျိုးသား အကျိုးစီးပွားကို အစွန်းကုန် ဆောင်ရွက်ပေးမယ်လို့ ပြောကြား ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့၊ အဲဒီလို ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ အမျိုးသား ပြည်နယ်များနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့။ ဒီမိုကရေစီဖြစ်တဲ့ အလုပ်သမားအရေး၊ လယ်သမား အရေးကို ဆောင်ရွက်ဖို့ အဲဒီလိုပြောကြားခဲ့ပါတယ်။ ပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါ၊ မဲပေးတဲ့အခါ မဲထည့်မမှားဖို့ ဟောပြောခဲ့ပါတယ်။" ဟု ပြောသည်။

ထို့ပြင် တိုင်းပြည်အတွက်၊ မိမိပြည်နယ်အတွက်၊ မိမိအမျိုးသားအတွက် အကျိုးပြုမည့် ပုဂ္ဂိုလ်များကိုရွေးပြီး မဲပေးကြရန် ဟောပြော စည်းရုံးခဲ့သည်။

အမတ်လောင်းများဖြစ်ကြသော ဦးအေးသာအောင်၊ ဦးစစ်နိုင်၊ ဦးလှအောင်ညွန့်နှင့် ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဟောပြောခဲ့ကြသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်အမတ်လောင်း ဦးသန်းနိုင်သည်လည်း စက်တင်ဘာလ ၁၂ ရက်နေ့၌ ကျေးတပင်၊ အောင်မင်းနှင့် မင်းဖူးကျေးရွာများသို့ စည်းရုံးရေး ဆင်းခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ကိုယ်စားလှယ်နေရာ အများဆုံးရရန်နှင့် ပြည်နယ် အစိုးရဖွဲ့နိုင်ရန် ကြိုးစားမည်ဟု ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မီဒီယာများအား ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags