အစိုးရ ပြောင်းနိုင်ဖို့ လက်ထဲမှာ ရှိနေပြီလို့ NLD အမတ်လောင်း ပြော

အစိုးရ ပြောင်းနိုင်ဖို့ လက်ထဲမှာ ရှိနေပြီလို့ NLD အမတ်လောင်း ပြော
ခေတ်တစ်ခု စနစ်တစ်ခု ပြောင်းဖို့ဆိုရင် ပထမဦးဆုံး အစိုးရပြောင်းဖို့လိုတယ်။ အခု အစိုးရ ပြောင်းနိုင်တဲ့ အခွင့်အလမ်းတစ်ခု ကျနော်တို့ လက်ထဲမှာ ရှိနေပြီ။

နေပြည်တော်၊ စက်တင်ဘာ ၁၄။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စားပြုပြီး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်မည့် ဦးရည်မွန်(ခ)မောင်တင်သစ်ကို သူဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာတွင် မဲဆွယ်စည်းရုံးစဉ် အစိုးရပြောင်းဖို့ လက်ထဲတွင် ရှိနေပြီဟု ပြေဆိုလိုက်သည်။

"ခေတ်တစ်ခု စနစ်တစ်ခု ပြောင်းဖို့ဆိုရင် ပထမဦးဆုံး အစိုးရပြောင်းဖို့လိုတယ်။ အခု အစိုးရ ပြောင်းနိုင်တဲ့ အခွင့်အလမ်းတစ်ခု ကျနော်တို့ လက်ထဲမှာ ရှိနေပြီ။ အစိုးရ ဖြစ်နိုင်တဲ့ အခွင့်အလမ်း တစ်နည်းအားဖြင့် ဒီမိုကရေစီ အင်အားစုတွေလက်ထဲ နိုင်ငံရေး အာဏာ ရောက်လာမှပဲ ကျနော်တို့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီဆီ သွားလို့ရမယ်" ဟု ပြောသည်။

သူက အခြားပါတီများ ပေးသမျှယူ၊ ကျွေးသမျှကိုစားပြီး NLDပါတီကိုသာ မဲထည့်ပါဟုလည်း ဦးရည်မွန်(ခ)မောင်တင်သစ်က ဒေသခံများကို စည်းရုံး ပြောဆိုခဲ့သည်။ 

ဦးရည်မွန်(ခ) မောင်တင်သစ်သည် ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သောကြောင့် တက္ကသိုလ် ပြန်လည်တက်ရောက်ခွင့် ရာသက်ပန်ပိတ်ပင်ခံရသည့် ဆေးကျောင်းသားတစ်ဦး ဖြစ်သည်။ သူဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly