ခိုထောင်လူသတ်မှု တရားခံပြသက်သေအဖြစ် မြန်မာသံရုံး ဒုုတိယသံအမတ် ဦးထွန်းအေးက ထွက်ဆုုိမည်

ခိုထောင်လူသတ်မှု တရားခံပြသက်သေအဖြစ် မြန်မာသံရုံး ဒုုတိယသံအမတ် ဦးထွန်းအေးက ထွက်ဆုုိမည်

စက်တင်ဘာလ ၁၄ ရက် ၊ချင်းမိုင်(မဇ္ဈိမ) ။         ။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုထောင် (လိပ်ကျွန်း) တွင် ဗြိတိန်နိုင်ငံသားခရီးသည် ၂ ဦး သတ်ဖြတ်ခံရမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရားခံပြသက်သေအဖြစ် လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် မြန်မာသံရုံးမှ ဒုတိယသံအမတ် ဦးထွန်းအေးက ထွက်ဆိုမည်ဖြစ်သည်။

လာမည့် စက်တင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်များတွင် တရားခံအဖြစ် သံသယရှိသူ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဟုလည်း သိရသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၇ ရက်က မြန်မာသံရုံးအဖွဲ့ ၉ ယောက်မှ တရားခံများအား အကျဉ်းထောင်သို့ သွားရောက် မေးမြန်းစဉ် နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် ဝန်ခံခဲ့ရသည်ဟု သံသယရှိခံရသူ ၎င်းတို့နှစ်ဦးက ပြောဆိုမှုအပေါ် တရားခွင်သို့ တရားဝင်ထွက်ဆိုသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“တရားခံတွေက သူတို့ကို နှိပ်စက်လို့ဝန်ခံတယ်ဆိုတာကို ထွက်ဆိုမှာပါ။ ဆရာမက မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုး ၁၃၅ မျိုး ထဲက ရှိတယ်။ အဲဒီလို ကွဲပြားတာကို အဲဒီဘာသာပြန်က ပြောတာကို ရာနှုန်းပြည့် မှန်ကန်မှုမရှိဘူးဆိုတာကို ထွက်ဆိုမှာပါ။” ဟု သူက မဇ္ဈိမကို ပြောသည်။

ဘန်ကောက်မြို့ရှိ တက္ကသိုလ် တစ်ခုမှ ဆရာမ ဒေါ်သန္တာနွယ် ကလည်း တရားခံပြသက်သေအဖြစ် ထွက်ဆိုမည် ဖြစ်ကြောင်း ပြောသည်။ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဘက်မှ တရားခံပြသက်သေ ၃၂ ဦးအား စစ်ဆေးရန် တရားရုံးတွင် တင်ပြထားခြင်း ဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး၏ DNA နှင့် လူသတ်လက်နက်အဖြစ် အသုံးပြုခဲ့သည်ဟု သတ်မှတ်ထားသည့် ပေါက်ပြားရိုးပေါ်မှ ရရှိသည့် DNA နှင့် တူညီမှု မရှိကြောင်း ထိုင်းနိုင်ငံ ဗဟိုမှုခင်းဆေး ပညာသိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ်ရိုကျနာစူလန်က တရားခံဘက်က သက်သေအဖြစ် တရားခွင်တွင် စက်တင်ဘာလ ၁၁ ရက်က ထွက်ဆိုခဲ့သည်ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြော သည်။

“ပေါက်တူးမှာတွေ့တဲ့ ဒီအန်အေနဲ့ ဒီကလေးတွေရဲ့ ဒီအန်အေနဲ့တိုက်ဆိုင် စစ်ဆေးတဲ့အခါမှာ လုံးဝ တူညီမှု မရှိဘူး ဆိုတာ ပြောပါတယ်။ ဒါကြောင့်မို့ ဒေါက်တာ ပြောသွားတာကတော့ ပေါက်တူးမှာရှိတဲ့ ဒီအန်အေသမားကိုသာ လူသတ်မှုအရ တွေ့အောင် ရှာရမှာဖြစ်ပါတယ်လို့ ထွက်ဆိုသွားပါတယ်။” ဟု သူက ပြောသည်။

ဒေါက်တာ ဖွန်းထစ်က ၎င်းတို့ဌာန၏ DNA စစ်ဆေးမှုသည် ခိုင်လုံသော အထောက်အထားများ ရှိကြောင်းနှင့် လူသတ် လက်နက်အဖြစ် ပေါက်ပြားရိုးတွင် တွေ့ရှိသည့် DNA ပိုင်ရှင်ကို ရှာဖွေရန် တောင်းဆိုထားသည်ဟု သိရသည်။

ထို့ပြင် တရားစွဲအဖွဲ့ အနေဖြင့် အမှုဖြစ်ပွားစဉ် တရားခံအား ဖော်ထုတ်ရာတွင် ဆံပင်နှင့် ပတ်သက်၍ စုံစမ်းဆောင်ရွက်မှု မပြုခဲ့ခြင်းသည် မှားယွင်းကြောင်း ထွက်ဆိုခဲ့သည်ဟုသိရသည်။

အသက်အန္တရယ်ကို ခြိမ်းခြောက်မှုနှင့် နှိပ်စက်ရိုက်နက်မှုများ ခံခဲ့ရသဖြင့် မခံနိုင်တော့၍ နောက်ဆုံး ဝန်ခံခဲ့ရသည်ဟု တရားခံ ကိုဇော်လင်းက ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာဝီသာရစ်နှင့် ဒေးဗစ်မေလာတို့ သတ်ခံရမှုတွင် တရားလို ထိုင်းရဲတပ်ဖွဲ့ဘက်မှ သက်သေပေါင်း ၃၆ ဦးအား စစ်ဆေးရာတွင် လည်းတရားခံဟု စွတ်စွဲခံရသော ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့သည့် လူသတ်မှုတွင် ကျူးလွန်ကြောင်း ထွက်ဆိုခြင်း မရှိသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly