တစညပါတီ ရခိုင်ပြည်နယ်တွင် အမတ်လောင်း ၄၄ နေရာဝင်ပြိုင်မည်

တစညပါတီ ရခိုင်ပြည်နယ်တွင် အမတ်လောင်း ၄၄ နေရာဝင်ပြိုင်မည်
Photo မဇ္စျိမ/ DMG

စက်တင်ဘာ ၁၄ ရက် ။         ။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) က ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့များကိုချန်ပြီး ကျန်မြို့နယ်များတွင် အမတ်လောင်း ၄၄ နေရာအတွက် ယှဉ်ပြိုင်သွားမည်ဟု ရခိုင်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးဦးစောရွှေက ပြောကြားသည်။

"ဦးတို့ပါတီက ရခိုင်ပြည်နယ်မှာ ၁၃ မြို့နယ်မှာ ပြိုင်မှာ။ ပြည်သူ့လွှတ်တော်က ၁၃ နေရာဝင်ပြိုင်မယ်။ နောက်ပြီးတော့ အမျိုးသားလွှတ်တော်က ၇ နေရာ ဝင်ပြိုင်မယ်။ ပြည်နယ်လွှတ်တော်က ၂၄ နေရာ ဆိုတော့ အားလုံးပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်တယ်။" ဟု ပြောသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ရခိုင်တိုင်းရင်းသား နည်းသောကြောင့် တစညပါတီအနေဖြင့် ထိုးဖောက် မရနိုင်ကြောင်း၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့များတွင်လည်း တစညပါတီရုံး စိုက်ထားခြင်းမရှိ သဖြင့် မယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ဦးဦးစောရွှေက ဆိုသည်။

လာမည့်ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ဆင်းရဲမှုလျော့ချရေး ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးနှင့် လယ်သမားအရေးများကို ဆောင်ရွက်ပေးသွားမည်ဟု ကတိပြု မဲဆွယ်စည်းရုံး သွားမည်ဟု သူကဆက်ပြောသည်။

"ဦးတို့က ဆင်းရဲနွမ်းပန်းမှု လျော့နည်းရေး ကိစ္စတွေ၊ ကုန်ဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်နေတာ တည်ငြိမ်အောင် ဆောင်ရွက်ပေးမှာဖြစ်တယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူတာ အများကြီးရှိနေ တယ်။ လာဘ်ပေးလာဘ်ယူ ကိုလည်း ပပျောက်အောင် ရွေးကောက်ပွဲနိုင်ရင် ဆောင်ရွက်သွားမယ်။ ဒီနေ့ လယ်သမားတွေဟာ လယ်မပိုင်ဘူးဖြစ်နေ တယ်။ အဲဒီလယ်သမားလုပ်တဲ့လယ်ကို လယ်သမားတွေ ပိုင်ဆိုင်ဖို့ ဦးတို့ပါတီက လုပ်ကိုလုပ်ပေးမယ်။ အလုပ်သမားနဲ့ ပတ်သက်ပြီးတော့လည်း အကျိုးစီးပွားကာကွယ်ဖို့ လုပ်ပေးမယ်။" ဟု ပြောသည်။

တစညပါတီ အနေဖြင့် ကချင်ပြည်နယ်တွင် ၄၆ ဦး၊ ကယားပြည်နယ်တွင် ၂၂ ဦး၊ ကရင်ပြည်နယ်တွင် ၁၇ ဦး၊ ချင်းပြည်နယ်တွင် ၁၁ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁၀၀ ဦး၊ တနင်္သာရီတိုင်းတွင် ၃၃ ဦး၊ ပဲခူးတိုင်း တွင် ၉၄ ဦး၊ မကွေးတိုင်းတွင် ၈၀ ဦး၊ မန္တလေးတိုင်းတွင် ၇၇ ဦး၊ မွန်ပြည်နယ်တွင် ၃၁ ဦး၊ ရခိုင်ပြည်နယ်တွင် ၄၄ ဦး၊ ရန်ကုန်တိုင်းတွင် ၈၈ ဦး၊ ရှမ်းပြည်နယ်တွင် ၃၆ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၇၇ ဦး အားလုံးစုစုပေါင်း ၇၂၅ ဦး ယှဉ်ပြိုင်သွားမည်ဟု စက်တင်ဘာလ ပထမအပတ်က ထုတ်ပြန်ထားသည်။

ရခိုင်တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခု စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပါတီသက်တမ်း ၂၇ နှစ်ပြည့် ပြီဖြစ်ကြောင်း၊ ၁၉၉၀ ပြည့် ခုနှစ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ကိုယ်စားလှယ် ၁၂ နေရာ ရရှိခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် တစည ပါတီကို လူထုထောက်ခံမှု လျော့ဆင်းလာကြောင်း၊ ယခု လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရဖွဲ့စည်းနိုင်မှာ မဟုတ်ကြောင်း ဦးဦးစောရွှေက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags