ရေကြီးရေမြုပ်သော်လည်း ပြည်တွင်းဆန် လုံလောက်မှုရှိသည်ဟု ကုန်သွယ်ဝန်ကြီးဌာနပြော

ရေကြီးရေမြုပ်သော်လည်း ပြည်တွင်းဆန် လုံလောက်မှုရှိသည်ဟု ကုန်သွယ်ဝန်ကြီးဌာနပြော

စက်တင်ဘာ ၁၄ ရက် ။         ။ ရေကြီးရေမြုပ်မှုများကြောင့် ဆန်အထွက်နှုန်း ကျဆင်းမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိသိုလှောင်ဆန် ပမာဏသည် ဒီဇင်ဘာအထိ လုံလောက်နိုင်သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

နိုင်ငံ၏ သိုလှောင်ဆန်ပမာဏသည် တန်ချိန် ငါးသိန်းအထက်တွင် ရှိနေကြောင်း ယင်းဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည် ရေဘေးအတွင်း ဆန်စပါးစိုက်ပျိုးဧကပေါင်း ၁ ဒသမ ၄ သန်း ရေဘေးကြုံတွေ့ကာ ပျက်စီးမှုမှာ ဧက ရှစ်သိန်းကျော် ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

နိုင်ငံ၏ အဓိကဆန်အရင်းအမြစ်ဒေသဖြစ်သည့် ဧရာဝတီဒေသသည် အခြားဒေသများထက် ရေအမြန်ပြန်ကျသွားခဲ့ခြင်း ကြောင့် ရေဘေးကြုံတွေ့မှု သက်သာခဲ့သည်။

ဧရာဝတီတိုင်း ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းမှ ဥက္ကဌဖြစ်သူ ဦးဝင်းမြင့်နိုင်က "စပါးစိုက်ကွင်းပေါင်း ဧက သုံးသိန်းကျော် ရေနစ်မြုပ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်သန်းကျော်ထက်မနည်းက မပျက်မစီးပဲ ရေပြန်ကျသွားခဲ့တာ ဖြစ်ပါတယ်။" ဟု ပြော သည်။

"ပြောရရင် စပါးစိုက် ဧက တစ်သိန်းလောက်သာ ပျက်စီးမှုဖြစ်ခဲ့တာပါ။ ဧက ခုနှစ်သောင်းကျော်ကိုလည်း ပြန်လည်စိုက်ပျိုးနိုင်ပါတယ်။"ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားတို့ရှိ လယ်သမား ၅၀ ရာခိုင်နှုန်းဝန်းကျင်မှာ စပါးပြန်လည် စိုက်ပျိုးနိုင်ပြီဟုလည်း Swanyee Foundation မှ စစ်ဆေးတိုင်းတာမှုအရ သိရသည်။

အဆိုပါ ဖောင်ဒေးရှင်း၏ ဆန်းစစ်ချက်တွင် ဒေသခံလယ်သမားများက မျိုးညံ့သည့် ပျိုးစပါးများကို ပျိုးကြဲစိုက်ပျိုး ကြခြင်းကြောင့်လည်း စပါးအထွက်နှုန်းကျဆင်းမည်ဟု သတိပေးထားသည်။

မြန်မာနိုင်ငံ၏ စပါးရိတ်သိမ်းရာသီသည် အောက်တိုဘာအစတွင်ဖြစ်သည်။

Ref; Global New Light of Myanma

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly