တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် '၀' နှင့် မိုင်းလား ဆက်ဆွေးနွေးရဦးမည်

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် '၀' နှင့် မိုင်းလား ဆက်ဆွေးနွေးရဦးမည်
Photo - Myanma Alinn

စက်တင်ဘာ ၁၄ ။         ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် 'ဝ' ၊ မိုင်းလားအဖွဲ့တို့နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးမည်ဟု စက်တင်ဘာ ၁၂ ရက် က ပူးတွဲထုတ်ပြန်ကြေညာသည်။

ကျိုင်းတုံမြို့၊ တြိဂံတိုင်းစစ်ဌာနချုပ်၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ၊ ဝ' အထူးဒေသ ၂၊ မိုင်းလားအထူးဒေသ ၄ တို့ တွေ့ဆုံဆွေးနွေးမှုအပြီး အဆိုပါ အဖွဲ့များက ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ စေလွှတ်ချက်အရ တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးစာချုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရန် UPWC ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးအောင်မင်း၊ ဦးသိန်းဇော်တို့ ဦးဆောင်ပြီး ဝ' အထူးဒေသ ၂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရီ ဦးဆောင်သောအဖွဲ့၊ မိုင်းလား အထူးဒေသ ၄ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့တို့အား တွေ့ဆုံခြင်းဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်နေ့က 'ဝ' နှင့် မိုင်းလား အဖွဲ့တို့အား တွေ့ဆုံစဉ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ကြိုးပမ်းဆောင်ရွက်နေ သည်ဟု ဦးသိန်းဇော်က ပြောသည်။

ခိုင်မာသည့် အပစ်ရပ်စဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းသည် ထာဝရငြိမ်းချမ်းရေးအတွက် အဓိကကျသည့် "ပထမခြေလှမ်း" ဖြစ်သည်ဟုလည်း ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဝ' နှင့် မိုင်းလားတို့ကို တစ်နိုင်ငံလုံးအပစ်ရပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာစေရန် ဆန္ဒရှိသည်ဟု တပ်မတော်ကိုယ်စားပြု ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထုတ်ဖော်ပြောဆိုသည်။ ဝ' ဒေသနှင့် မိုင်းလား ဒေသတို့ သည် ယခင်ကာလများနှင့် ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်လာနေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည် ဟုပြောသည်။

ဝ' အဖွဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်းနှင့် မိုးလား ဥက္ကဌ ဦးစိုင်းလင်းတို့က NCA တွင် လက်မှတ်ထိုးနိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်ဟု စက်တင်ဘာ ၁၄ ရက် ထုတ် နိုင်ငံပိုင်သတင်းစာကဆိုသော်လည်း အသေးစိတ် ဖော်ပြခြင်းမရှိပါ။

ဆွေးနွေးပွဲအပြီး သုံးဖွဲ့ပူးတွဲ ထုတ်ပြန်ချက်တွင် နောက်ဆုံးညှိနှိုင်းနိုင်ခဲ့သည့် NCA ထွက်ပေါ်လာမှုကို ထောက်ခံကြိုဆိုပြီး တစ်နိုင်ငံလုံးအပစ်ရပ်ရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက် ရာတွင် "အပြုသဘောဆောင်သော လုပ်ငန်းစဉ်များ" ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြမည်ဟု ပါဝင်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ပါအချက်များကို တိုင်းရင်းသားလက်နက်ကိုင်များ၏ အထူးကိုယ်စားလှယ် အဖွဲ့ SD နှင့် UPWC အကြား သဘောတူထားပြီးဖြစ်သော်လည်း လက်မှတ်ရေးထိုးမည့်အဖွဲ့များနှင့် ပတ်သက်၍မူ မပြီးပြတ်သေးသည့်ကိစ္စတစ်ခု ဖြစ်နေသေးသည်။

NCA အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စ၊ အောက်တိုဘာ ပထမပတ်ထဲတွင် လက်မှတ်ရေးထိုးမထိုးနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်များနှင့် ဆက်စပ်၍ တိုင်းရင်းသားခေါင်းဆောင်များအကြား ရှင်းလင်းညှိနှိုင်းပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ၌ စက်တင်ဘာ ၂၄ မှစ၍ ၃ ရက်ကြာ ပြုလုပ်ကြမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ဘုန်းမြတ်၊ တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်အေး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့လည်း တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags