အစ္စရေးတပ်ဖွဲ့များ ပါလက်စတိုင်းဗလီကို ဝင်ရောက်စီးနင်း၊ ဝတ်ပြုသူများနှင့် ထိပ်တိုက်တွေ့

အစ္စရေးတပ်ဖွဲ့များ ပါလက်စတိုင်းဗလီကို ဝင်ရောက်စီးနင်း၊ ဝတ်ပြုသူများနှင့် ထိပ်တိုက်တွေ့

ဂျေရုဆလင်တွင် အယ်လ်အက်ဆာဗလီဝင်းအတွင်းသို့ အစ္စရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းရာ ဗလီသို့တက်ရောက်လာကြသည့် ဝတ်ပြုဆုတောင်းသူများနှင့် ထိပ်တိုက်ပဋိပက္ခဖြစ်ပွားခဲ့သည်။

ယင်းဖြစ်ရပ်က စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ပါလက်စတိုင်းများကို လူစုခွဲရန်အတွက် အစ္စရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြုဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ ယင်းထိပ်တိုက်တွေ့မှုတွင် ဒဏ်ရာရသူ သုံးဦးရှိခဲ့သည်။

အဆိုပါ အစ္စရေးတပ်ဖွဲ့များ ဗလီတွင်း ဝင်စီး၍ ထိပ်တိုက်တွေ့မှုသည် ဂျုးနှစ်သစ်ကူးပွဲတော် Rosh Hashanah ပွဲတော် ကျင်းပချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ အစ္စရေးအစိုးရက ဂျုးနှစ်သစ်ကူးပွဲတော် ပထမရက်များ စချိန်များတွင် ဗလီသို့ ဝတ်ပြုရန်တက်ရောက်လာကြသူ မွတ်စလင်များအပေါ်တွင် တင်းကြပ်မှုများ လုပ်ဆောင်တတ်လေ့ရှိသည်။

အဆိုပါ ဗလီကို မွတ်စလင်အများစုက ကြည်ညိုတက်ရောက်ကြသည့် ဗလီဖြစ်ပြီး မကြာသေးမီသီတင်းပတ်များအတွင်းကလည်း ပါလက်စတိုင်းနှင့် အစ္စရေးတပ်ဖွဲ့တို့ကြား ထိပ်တိုက်တွေ့မှုများဖြစ်ခဲ့သည်။

စက်တင်ဘာအစောပိုင်းက ဗလီထဲ ဝင်မည့် ပါလက်စတိုင်းအမျိုးသမီးတစ်စုအား အစ္စရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly