ကွမ်းရွက်အကျိုး

ကွမ်းရွက်အကျိုး

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာ ပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင် ရှိပါတယ်။ကွမ်းရွက်မှာအောက် ပါဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

အကိုက်အခဲ ပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက် တစ်ရွက်ကို နူးညံ့ပျော့ပျောင်း တဲ့အထိ ပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်း ပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာ စိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ် ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေး ရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

အဆုတ်ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ ဖြစ်တဲ့ အဆုတ်ထိခိုက်မှု ဝေဒနာ တွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာ စေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာ ကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်း ထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက် မြန်စေပါတယ်။

သတိပေးချက်

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly