လှဖို့ လိုပြီ

လှဖို့ လိုပြီ

နဂို ပင်ကိုယ်ဗီဇကတည်းကကို အသားအရေ ညိုဝါရောင်အသွေး။ ပိတုန်းရောင် နက်မှောင် သော ဆံကေသာ၊ ပင်ကိုယ် သွယ်သွယ်လျလျ ကိုယ်ခန္ဓာရှိသော မြန်မာအမျိုးသမီးများ သည်ချောမောလှပ သူများဟု အသိအမှတ်ပြု ခံရသူများ ဖြစ်သည်။ သို့သော် မြန်မာအမျိုးသမီး အများစု သည် ငယ်ရွယ်စဉ် အိမ်ထောင်မကျခင်မှာ တကိုယ်ရေအလှကို ဂရုစိုက်သော်လည်း အသက်ကြီးလာ သည့်အခါ၊ အိမ်ထောင်သားမွေး ပြုသည့်အခါ  အလှအပကို အချိန်ပေးမှု နည်းလာကြပါသည်။ အထူး သဖြင့် ကျေးလက်နှင့် နယ်မှာနေသူ အမျိုးသမီးများက ပိုဆိုးပါသည်။

“ကျွန်မက ရန်ကုန်မှာ ကုမ္ပဏီဝန်ထမ်းဆိုတော့ နေ့တိုင်း ပြင်ပြင်ဆင်ဆင် သပ်သပ်ရပ်ရပ် နေရတာပေါ့။ သိပ် အလှပြင်တာရယ်လည်း မဟုတ်ဘူး။ ဒါပေမယ့် နယ်က သူငယ်ချင်းတွေနဲ့ တွေ့တော့မှ ကိုယ်က အများကြီး အရွယ်နုသလို အဆင်ပြေ ကြည့်ကောင်းနေတာလည်း တွေ့ရတယ်။ သူတို့ကတော့ သက်တူရွယ်တူတွေပေမယ့် မပြင်မဆင်ဆိုတော့ အသက်ထက် အများကြီး ကြီးနေ သလိုပဲ”
မကြာသေးခင်က ကျောင်းကုန်းဘက်က ငယ်သူငယ်ချင်းများနှင့် ပြန်ဆုံခဲ့သူ အသက် ၃၀ အရွယ် မမီဇင်က ပြောပါသည်။ မမီဇင် ပြောသလိုပင် ရန်ကုန်မှာနေသော အမျိုးသမီး အတော်များများ က အလုပ်လုပ်သူ ဝန်ထမ်းအမျိုးသမီးများ ဖြစ်သဖြင့်  လွန်လွန်ကျူးကျူး မပြင်လျှင်တောင် နေ့စဉ် လုပ်ငန်းခွင်အရ အသင့်အတင့် ပြင်ပြင်ဆင်ဆင် နေကြသည်။ နယ်မှ အမျိုးသမီးများကတော့  အသက်ကြီးမှ လူမြင်ခံရအောင် ထူးထူးခြားခြား မပြင်ဆင်ချင်ကြ။ ခပ်ရိုးရိုးသာ နေချင်ကြသည်။

နိုင်ငံတကာမှာတော့ အလှအပဆိုသည်မှာ ငယ်သည် ကြီးသည် မရှိ။  အသက် တော်တော် လေး ကြီးသည်အထိ လှလှပပ တတ်နိုင်သမျှ နေကြသည်။ အထူးသဖြင့် ထူးချွန်ထက်မြက်သော အမျိုးသမီး အတော်များများက လှပမှုသည်  ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုပါ ရှိစေသည်ဟု ထင်ကြသည်။ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီယားပြည်နယ်ရှိ ရီယာဆိုသော အမျိုးသမီး ပန်းချီဆရာမကြီး ၏ အသက်မှာ ၇၅ နှစ် ကျော်နေပြီ ဖြစ်သည်။ သို့သော် ရီယာသည် အိမ်မှာ နေလျှင်ပဲဖြစ်ဖြစ် အပြင် ထွက်လျှင်ပဲဖြစ်ဖြစ် ကိုယ်နှင့်လိုက်ဖက်သော ဆံပင်မိတ်ကပ်ကို ပြင်၏။ နှုတ်ခမ်းနီ ဖွဖွဆိုး၏။    ဝတ်စုံနှင့်လိုက်မည့် ဖန်စီလက်ဝတ်တန်ဆာကို ဆင်မြဲဖြစ်သည်။ ထို့ကြောင့် သူ့ကို မြင်ရသူတိုင်း နှစ်လိုကြ၏။

“ကျွန်မဘဝမှာ ခက်ခဲတဲ့အခါ၊ စိတ်ဆင်းရဲတဲ့ အခါတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အတတ်နိုင် ဆုံး သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် နေတယ်။ စိတ်ဆင်းရဲရင်တောင်မှ ကျွန်မကိုယ် ကျွန်မ သေချာ ဝတ်စားပြီး လှရတာ ကြိုက်တယ်။ အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသမီးပီပီ အလှအပကို ကြိုက်တယ်။ လှအောင်နေတယ်” ဟု ရီယာက ပြောပါသည်။

တကယ်တော့ အမျိုးသမီးအားလုံးသည် အသက် ကြီးကြီးငယ်ငယ် ချစ်ခင်မြတ်နိုးခွင့် လူအများ၏ လေးစားယုံကြည်မှုကို ရရှိဖို့ ထိုက်တန်ပါသည်။  အမျိုးသမီးများသည် လှလှပပ ရှိနေ သည့်အခါ နှစ်လိုဖွယ်ရာ အခွင့်အလမ်းများ ပေါ်ပေါက်လာသည်။ လူတွေက သူ့ကို အလေးထား ဆက်ဆံလာကြသည်။  ပြောတာကို နားထောင်လိုကြသည်။ အပေါင်းအသင်း မိတ်ဆွေ ဖြစ်ချင် လာကြသည်။ 

အမျိုးသမီးမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာပြီး ထိုယုံကြည်မှုက သူ့ကို ပိုလှလာစေသည်။ ယုံကြည်မှု ရှိလာသောအခါ အလုပ်ခွင်မှာ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် နေရာတကာ မှာလေးစား ယုံကြည်မှု ရှိလာသည်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ မရှိသည့်အတွက် လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲသည့် သတ္တိတွေ ရှိလာ၏။ ထို့ကြောင့် ထိုအမျိုးသမီး၏ ဘဝမှာလည်း အရာရာမှာ တိုးတက်ပြောင်းလဲ လာ၏။

မြန်မာမှာတော့ တချို့က ယူဆကြသည်။ အိမ်ထောင်သားမွေး ပြုသည့်အခါ လှရန်မလိုတော့ ပါ။ ဖြစ်သလို နေပါတော့မည်ဟူ၍ ဖြစ်၏။ ထိုအယူအဆက မှားယွင်းသော အယူအဆ ဖြစ်သည်။ လှရန်ဆို သည်မှာ အပျိုဘဝကလို ကိုယ်ဟန်ကျော့ကျော့နှင့် အလှပြဖို့သာ မဟုတ်။ အမျိုးသားများကို ဆွဲဆောင်ဖြားယောင်းရန် မဟုတ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာ ယုံကြည်ဖို့အတွက်ဖြစ်သလိုမြင် သူတိုင်းလည်း နှစ်လို စိတ်ချမ်းသာဖို့ ဖြစ်သည်။ အိမ်ထောင်ပဲ ကျကျ။ အပျိူပဲ ဖြစ်ဖြစ် အရွယ် သုံးပါးစလုံး အမျိုးသမီးများသည် စိတ်ရောကိုယ်ပါ လှပနေဖို့ လိုသည်ဟု ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဆိုဖီယာ လောရင်းက ပြောဖူးသည်။

“အလှအပပြင်ပြီး ကိုယ့်ကိုယ်ကိုယ် သပ်ရပ်ကျော့ရှင်းနေရင် လူတွေနဲ့တွေ့ရင်လည်း ယုံကြည် မှု ရှိတယ်။ မဖြီးမလိမ်း ဖြစ်သလိုသွားရင်တော့ တစ်ခုခု လိုနေသလိုပဲ” အထက်ပါစကားကို အသက်လေးဆယ် ကျော်နေသော်လည်း  ၃၀ နီးပါး ထင်ရအောင် နုပျို နေသူ ဒေါ်စန်းစန်း က ပြောပါသည်။

ရန်ကုန်က အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုမှာ ဆရာမ အလုပ်လုပ်ကိုင်နေသူ ဒေါ်စန်းစန်း က ငယ်စဉ်ကတည်းကပင် အလှအပ ကျန်းမာရေးကို ဂရုစိုက်ခဲ့သူဖြစ်၏။ ကိုယ်ခန္ဓာကို အဝ မလွန်စေ ရန် လမ်းများများ လျှောက်၏။ အသီးအရွက် များများစားသည်။ ဒိန်ချဉ်လို အမျိူးသမီးများနှင့် တည့်သော အာဟာရအစာများကို ပုံမှန် မှီဝဲ၏။ အဆီ အဆိမ့်များကို ရှောင်၏။ နေပူထဲသွားလျှင် သနပ်ခါး၊ သို့မဟုတ်နေလောင်ခံကရင်မ်ကို လိမ်း၏။ မျက်နှာကိုလည်း အသင့်အတင့် လိမ်းချယ်သလို အဝတ်အစားကိုလည်း လှလှပပ ထိုက်သင့်တာလေးတွေ ရွေးချယ်ဝတ်ဆင်၏။ အချုပ်ဆိုရသော် သူနှင့်ရွယ်တူ အမျိုးသမီးများ အသက်လေးဆယ်ကျော်မှာ  အဝလွန်ပြီး ရုပ်ရည်ကျနေသော်လည်း ဒေါ်စန်းစန်းမှာ နုပျိုလှပနေဆဲ ဖြစ်ပါသည်။

ယခုနှစ်တွေမှာ မြန်မာအမျိုးသမီး တော်တော်များများက အလှအပဆိုသည်မှာ အမျိုးသားများ ကို ဆွဲဆောင်ဖို့ဆိုတာထက် မိမိကိုယ်ကို အားပေးဖို့ ယုံကြည်မှု ရှိလာစေဖို့ဆိုတာကို ပိုနားလည် သဘောပေါက်လာကြသည်။ ရန်ကုန် မန္တလေးမြို့ကြီးများမှာဆိုလျှင် အသက်ငယ်သူ အမျိုးသမီးလေး များသာမက အသက်အရွယ်ကြီးသော်လည်း ဒေါ်စန်းစန်းတို့လို လှလှပပ သပ်သပ်ရပ်ရပ်နေသူ အမျိုးသမီးများကို အတော်တွေ့လာရသည်။

အလှအပကို လေ့လာလိုက်စားရမှာ ကိုယ်ခန္ဓာကျန်းမာရေးကလည်း အရေးကြီးတာကို သဘောပေါက်လာကြပြီး ကိုယ်ကာယအလှ ကစားရာ အားကစားရုံများကိုလည်း သွားကြသည်။ ယောဂကစားသူ ကကစားသည်။ ငယ်ရွယ်သူ မိန်းခလေးအချို့ကမှု ရေကူးကြ၏။ သို့သော် နယ်များ ကျေးရွာများမှာတော့ အသက် ၃၀ ကျော် သွားသည်နှင့် လူကြီးဖြစ်ပြီဆိုကာ အလှအပနှင့် မဆိုင်တော့ သည့် ပုံစံဖြင့် ခပ်ရိုးရိုးပုံစံဖြင့် ရှိရင်းအသက်ထက် ကြီးနေသူအမျိုးသမီး အတော်များများကို တွေ့နိုင်ပါ သည်။

ထိုအမျိုးသမီးတို့မှာ အကျီၤကို ပုံစံဆန်းဆန်းဝတ်ရမှာ ရှက်၏။ ဆံပင်ကို ညှပ်ရ ကောက်ရမှာ လည်း မလုပ်ရဲကြ။ နှုတ်ခမ်းနီကိုပင် ရဲရဲ မဆိုးရဲကြသူများဖြစ်ပြီး အမျိုးသမီးသဘောအရ အလှအပပြင်ရမှာကို လည်းရှက်နေကြသည်။ မိဘဆွေမျိုးများက ကဲ့ရဲ့ ပြစ်တင် အလှောင်ခံရမည်ကို စိုးကြ၏။ တကယ်တမ်းမှာမူ ထိုအမျိုးသမီး အတော်များများသည် လှပမှုကို လိုလားကြသူများ ဖြစ် သည်။

နယ်မြို့များက ဖြစ်သဖြင့် လူကဲ့ရဲ့ခံရမည်ကိုစိုးကာ မဝံမရဲစိတ်ဖြင့် အလှအပကို မပြင်ဆင် ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အလှအပ ပြင်ဆင်သူများနှင့် ယှဉ်လိုက်သောအခါ  ရွယ်တူ သက်တူ အချင်းချင်း သူတို့က အသက်ကြီးသလို၊ ရုပ်ရင့်သလို ဖြစ်သွားရကြသည်။

မကြာသေးခင် ရုပ်သံမေးမြန်းခန်းတစ်ခုတွင် အဆိုတော် ဖြူဖြူကျော်သိန်းကို မေးမြန်းသူက ဆန်းပြားသော ဆံပင်ဒီဇိုင်းကို ဘာစိတ်ကူးဖြင့် လုပ်ရသတုန်းဟု မေးမြန်းသည်။ ထိုအခါ ဖြူဖြူကျော် သိန်းက “ အဲဒါက လှတယ်လေ။ ပြီးတော့ ဘယ်သူ့ကို ထိခိုက်လို့တုန်း” ဟု  ပြန်လည် ဖြေကြားခဲ့ ပါသည်။

အလှအပဆိုသည်ကား ထိုသဘောအတိုင်းသာ ဖြစ်ပါ၏။ အမျိုးသမီးများ အသက်ကြီးကြီး ငယ်ငယ် လှလှပပ သပ်သပ်ရပ်ရပ် ပြင်ဆင်ဝတ်စားဖို့ အရေး ဘာအကြောင်းနှင့်မှ တွေဝေရန် မသင့်ပါ။  မည်သည့်အရွယ်မဆို အမျိုးသမီးများလှပစွာ ဝတ်စားဆင်ယင်ခြင်းက မည်သူ့ကိုမျှ ထိခိုက်စေ သည့် အရာမဟုတ်သည့်အတွက် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly