အဆီတစ်ထပ်၊ အသားတစ်ထပ်နှင့် အလုပ်ရှင်တို့ စောင်းငဲ့ကြည့်သင့်သည့်အချိန်

အဆီတစ်ထပ်၊ အသားတစ်ထပ်နှင့် အလုပ်ရှင်တို့ စောင်းငဲ့ကြည့်သင့်သည့်အချိန်

အနည်းဆုံး အခကြေးငွေနှုန်းထားကို ၈ - ၈ - ၂၀၁၅ ရက်တွင် နိုင်ငံတော်က ထုတ်ပြန်ကြေညာပြီးနောက် စက်ရုံတစ်ရုံ ပိတ်သိမ်းသည့်သတင်း၊ စက်ရုံအချို့ ဝန်ထမ်းအင်အား လျှော့ချသည့် သတင်းနှင့် အလုပ်သမား အကျိုး ခံစားခွင့် လျှော့ချသည့် စက်ရုံအချို့၏ သတင်းများ ဖတ်ရသည်။

အဆိုပါသတင်းများတွင် လှိုင်သာယာမြို့နယ်မှ အလုပ်သမား ၂၃၇ ဦးရှိသည့် စံပယ်ပွင့် အထည်ချုပ်စက်ရုံ ပိတ်သိမ်းသည့် သတင်း၊ အင်းစိန်မြို့နယ်ရှိ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ၊ ဧရာဝတီဆေးဆိုးပန်း ရိုက် အထည်ချုပ် စက်ရုံ၊ သာကေတမြို့နယ်ရှိ ZYP ရှူးဖိနပ်စက်ရုံများမှ ဝန်ထမ်းအင်အား လျှော့ချသည့်သတင်းများ ဖတ်ရသည်။

စက်ရုံပိတ်သိမ်းသော အလုပ်ရှင်များသည် အလုပ်သမားဝန်ကြီးဌာန၏ ၃ - ၇ - ၂၀၁၅ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၄/၂၀၁၅) အရ အလုပ်သမားများအား သတ်မှတ်နစ်နာကြေး ပေးရန်ဖြစ်၍ လုပ်သက်အလိုက် နစ်နာကြေးများ ပေးလျော်ကြောင်း သတင်းဖတ်ရသည်။ စက်ရုံပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က- “တကယ် အခက်ကြုံလို့ ပိတ်ချင်တာလား၊ တမင်သက်သက်လား ဆိုတာ ဆွေးနွေးနေတယ်” ဟု ဆိုသည်။

စောင့်ကြည့်သင့်သည့် ကိစ္စပါ။ စက်ရုံပိတ်သိမ်းသဖြင့် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများသည်  အလုပ်အကိုင်သစ် ရှာဖွေနိုင်ရန် သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ထားသင့်သည်။

CMP စက်ရုံအများစုက ဝန်ထမ်းအင်အား လျှော့ချသည့်ကိစ္စရပ်များတွင် ထောင်ဂဏန်းအထိ ရှိလာသည်ဟု ဆို၏။ စက်ရုံအချို့ ပိတ်သိမ်းခြင်းနှင့် ဝန်ထမ်းလျှော့ချခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌက ထုတ်လုပ်မှုဝင်ငွေနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် ချိန်ဆရခြင်းဖြစ်ကြောင်း ပြောကြား၏။ စက်ရုံအများစုကမူ အလုပ်သမားများ ကြိုးစားအားထုတ်မှုနည်းခြင်း၊ လုပ်ငန်းခွင် အလေးထားဆောင်ရွက်မှု မရှိခြင်း၊ အော်ဒါရရှိမှု နည်းပါးခြင်း၊ ကုန်ကျစရိတ်နှင့် ဝန်ဆောင်မှု မြင့်တက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆို၏။

အနည်းဆုံးအခကြေးငွေကျပ် ၃,၆၀၀ သတ်မှတ်သည့်အချိန် ရောက်ကာမှ အလုပ်သမားများ၏ အားနည်းချက်ဟု ဆိုကာ အလုပ်သမားများအပေါ် ပုံချ၍ အလုပ်ထုတ်ရန် ဆောင်ရွက်သကဲ့သို့ ဖြစ်နေသည်။
အော်ဒါရရှိခြင်း၊ မရရှိခြင်းနှင့် ကုန်ကျစရိတ်နှင့် ဝန်ဆောင်မှုစရိတ်များ လျော့ကျရေးမှာ အလုပ်ရှင်၏ တာဝန်သာဖြစ်သည်။ အလုပ်ရှင်များဘက်မှ ယင်းအချက်များ ဆောင်ရွက်နိုင်မှု မရှိခြင်းက အလုပ်သမား များအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်သင့်ဟု ဆိုရမည်။

ယခုကဲ့သို့ အလုပ်သမားအား အလုပ်မှ ရပ်စဲခြင်း၊ စာချုပ်ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အခန်း (၃) ပုဒ်မ ၅ အရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်များအတိုင်း ဆောင်ရွက်သင့်သောကိစ္စများလည်း ဖြစ်သည်။

ထို့ကြောင့်လည်း အလုပ်သမားဝန်ကြီးဌာနက အနည်းဆုံး အခကြေးငွေ နှုန်းထားနှင့်အညီ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ လုပ်ငန်းပိုင်ရှင်များသည် ခန့်ထားပြီးအလုပ်သမား များနှင့်သော်လည်းကောင်း၊ အသစ်ခန့်ထားမည့် အလုပ်သမားများနှင့်သော်လည်းကောင်း၊ အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို ရန် အလုပ်သမားဝန်ကြီးဌာနက ၃၁ - ၈ - ၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် ၁/၂၀၁၅ ဖြင့် အသိပေး ကြေညာခဲ့ခြင်း ဖြစ်သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်အရ မိမိတို့စက်ရုံရှိ (၆) လ ကျော်သော အလုပ်သမားအား အလုပ်ရှင်က နေ့တွက်ကြေး ကျပ် ၃,၆၀၀ ပေးရမည်ဖြစ်၍ အလုပ်ရှင်များက ယင်းတို့ ပေးချေရမည့် လုပ်အားခ သက်သာစေရန် အလုပ်သမားများအား လျှော့၍ ပြန်လည်ခန့်ထားသည့် ကိစ္စများလည်း ပေါ်ပေါက်နိုင်သည်။

ဥပမာ- လုပ်သက် ၆ လပြည့်ပြီး ၁ နှစ် မပြည့်သေးသော အလုပ်သမားတစ်ဦးသည် အလုပ်ရပ်စဲခံရပါက အလုပ်ရပ်စဲမှု နစ်နာကြေး လစာဝက် ခံစားခွင့်ရှိသည်။ လစာကျပ် ၁၀၀,၀၀၀  ရသော အလုပ်သမားဆိုပါက အလုပ်ထုတ်နစ်နာကြေးကျပ် ၅၀,၀၀၀ (မူလလစာ၏ ထက်ဝက်)သာ ရရှိမည်။ ၎င်းအလုပ်သမားသည် ယင်းစက်ရုံ၌ ဖြစ်စေ၊ အခြားစက်ရုံ၌ ဖြစ်စေ အလုပ်ပြန်လည်ဝင်ရောက် လုပ်ကိုင်ရပါက နေ့တွက်ကြေး ကျပ် ၃,၆၀၀ အပေါ်တွင် ပထမအလုပ်သင်ကာလ ၃ လအတွက် ကျပ် ၁၆၂,၀၀၀ နှင့် ဒုတိယအစမ်းခန့်ကာလ ၃ လအတွက် ကျပ် ၈၁,၀၀၀ စုစုပေါင်းကျပ် ၂၄၃,၀၀၀  နစ်နာမှု ရှိ၍ အလုပ်ရှင်က ယင်းအကျိုးအမြတ်ကို ရရှိမည်။ သို့ဖြစ်၍လည်း ယခုကဲ့သို့ အလုပ်သမားအများစုဖြင့် အင်အားလျှော့ချသည့် ကိစ္စရပ်တွင်လည်းကောင်း၊ အလုပ်သမားအသစ် ပြန်လည် ခန့်ထား ခြင်းကိစ္စရပ်များကိုလည်းကောင်း အလုပ်သမားဝန်ကြီးဌာနက စိစစ်သင့််သည်။

အထက်ပါကဲ့သို့ အလုပ်သမား လျှော့ချသည့်ကိစ္စများနှင့်တစ်ပြိုင်နက်တည်း စက်ရုံတွင် ကျန်ရှိနေသော အလုပ်သမားများ၏ အခြားအကျိုးခံစားခွင့်များဖြစ်သည့် ဖယ်ရီအကြိုအပို့ကိစ္စများ၊  အဆောင်နေများအား ထမင်း ကျွေးသည့်ကိစ္စများ၊ အချိန်ပို ခေါ်ယူမှု ကိစ္စများအပေါ် ဖြတ်တောက်ပစ်သည့်ကိစ္စများ ကြုံတွေ့နေသည့်အပြင် အလုပ်သမားခေါင်းဆောင်များအား ရွေး၍ အင်အားလျှော့ပစ်ကြောင်းလည်း ဖတ်ရသည်။

လှိုင်သာယာစက်မှုဇုန်(၄)ရှိ အေပရယ်အထည်ချုပ်စက်ရုံတွင် ကြိုပို့စရိတ်ကို လစာထဲမှ ဖြတ်မည်ဆို၍ အလုပ်သမား ၆၀၀ ကျော် စက်ရုံအတွင်း ဆန္ဒပြမှု ဖြစ်ပွားနေသည်ဟု ဆို၏။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ဒုဝန်ကြီးက-

“အလုပ်သမားတွေကို ကြိုပို့ခတွေ၊ ဆုကြေးတွေ၊ တခြားအထောက်အပံ့တွေကို အလုပ်ရှင်က ကျခံပေးရမှာ၊ လစာထဲက ကြိုပို့စရိတ် ဖြတ်တောက်ဖို့ ဆိုတာ မသင့်ဘူး၊ အသွားအလာ ကုန်ကျစရိတ်တွေကို အလုပ်ရှင်က ပေးအပ် သင့်ပါတယ်” ဟု ဆိုခဲ့သည်။

အမှန်ပင်။ ၁၉၃၆ ခုနှစ် လုပ်ခပေးရေးအက်ဥပဒေ တွင် “အခကြေးငွေ” ၏ အဓိပ္ပာယ်ကို- “အလုပ်ပဋိညာဉ် စာချုပ်နှင့်အညီ ပြည့်ဝစုံလင်အောင် ဆောင်ရွက်ခြင်းကြောင့် အလုပ်သမားက ရသင့်သည့် ငွေကြေးကို “အခကြေးငွေ” ဟုခေါ်သည်။

သို့ရာတွင် အောက်ပါတို့ မပါဝင်-
-    လျှပ်စစ်ဓာတ်အားစသည့် မီးထွန်းပေးခြင်း၊ ရေပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ နေအိမ်၊ အိပ်ခန်းပေးခြင်းတို့ အတွက် ကျသင့်တန်ဖိုးငွေ။
-    ခရီးစရိတ်နှင့် ခရီးသွားရောက်ရန် အထူးလျှော့ပေးသည့် တန်ဖိုးငွေ။ စသည့်ပြဋ္ဌာန်းချက်များကိုဖတ်ရှုဖူးပါသည်။(ယင်းဥပဒေကို အခကြေးငွေပေးရေး ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲလျက် ရှိပါသည်။)

သို့ဆိုလျှင် အလုပ်သမား၏ ဖယ်ရီကြိုပို့ ခရီးစရိတ်နှင့် အဆောင်ခများကို အလုပ်သမား၏ အခြေခံလစာကျပ် ၃,၆၀၀ ထဲမှ မဖြတ်သင့်သည်တော့ အမှန်။ အလုပ်သမားများ အလုပ်ခွင်သို့ အချိန်မီရောက်ပါမှ လည်း ကုန်ထုတ်လုပ်မှု ပုံမှန်လည်ပတ်နိုင်မည် ဖြစ်သည့်အပြင် ယခုကာလတွင် ကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများမှ ရှောင်ရှားနိုင် မည့်ကိစ္စကိုလည်း အလုပ်ရှင်များက ထည့်သွင်းစဉ်းစားပေး သင့်သည်။

အလုပ်ရှင်က ယခုတိုးမြင့်လာသည့် နေ့တွက်လုပ်ခကြောင့် ကုန်ကျစရိတ် မြင့်တက်လာသည်ဆိုပါက အလုပ်သမားနှင့် အချို့ကိစ္စရပ်များကို ညှိနှိုင်းအဖြေရှာ ဆောင်ရွက်သင့်သည်။ (ဥပမာ-လုပ်သက်ဆု၊ ရက်မှန်ကြေး၊ ထမင်းစရိတ် စသည့်ခံစားခွင့်များ)။

သို့မှသာ အလုပ်ရှင်နှင့် အလုပ်သမားအကြား လုပ်ငန်းခွင် ဆက်ဆံရေး အခြေအနေများ ကောင်းမွန်၍ လုပ်ခွင်မပျက် ကုန်ထုတ်လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်  ဆက်လက်လုပ်ဆောင်သွားနိုင် မည်ဖြစ်သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးနောက် စက်ရုံအလုပ်ရုံများတွင် ဖြစ်ပေါ်နေသော ပြဿနာများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ ဥက္ကဋ္ဌက ငွေကြေးမတည်ငြိမ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု များကြောင့် အလုပ်သမားများ ခါးစည်းခံရမှု၊ MIC Proposal တွင် ဒေါ်လာ ၉၅ ၊ ၁၀၀  ပေးမည် ဆိုသော်လည်း အလုပ်သမား များအပေါ် လုပ်ခလစာ လျှော့ပေးခြင်းဖြင့် အလုပ်ရှင်များ၏ လိမ်ညာခိုင်းစေမှု၊ ယင်းအပေါ် ဌာနဆိုင်ရာများက စိစစ်ရန်နှင့် အရေးယူရန် ပျက်ကွက်မှု၊ ၂၀၁၃ ခုနှစ် လူမှုဘဝစစ်တမ်းက မိသားစုသုံးဦး မငတ်ရုံစားစရိတ်က ကျပ် ၁၈၁,၄၀၀ ကုန်ကျမှု စသည်များကို သုံးသပ်ပြောကြားခဲ့ သည်။

ယင်းပြောကြားချက်များအနက်- “အလုပ်ရှင်တွေက သူတို့ အဆိုပြုထားတဲ့ ဒေါ်လာ ၁၀၀ နီးပါး လစာမပေးဘဲ အလုပ်သမားတွေကို ခိုင်းခဲ့တာ အချို့စက်ရုံတွေ နှစ်ပေါင်းများစွာ အဆီတစ်ထပ်၊ အသား တစ်ထပ် ဝါးမြိုခဲ့ကြတာပါ” ဟူသောစကားကို မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် အလုပ်သမား နှစ်သိန်းခွဲကျော် ရှိသည့် အထည်ချုပ် လုပ်ငန်းများ အပါအဝင် အလုပ်သမား လေးသန်းကျော် ရှိသော ရန်ကုန်တိုင်းဒေသကြီးမှ CMP လုပ်ငန်းရှင်များ သိသင့်ပါကြောင်းနှင့် ယခုအချိန်သည် အလုပ်သမားများဘက်သို့ အလုပ်ရှင်များ ကစောင်းငဲ့ ကြည့်၍ ယင်းတို့၏ သက်သာခွင့်များအပေါ် စာနာမှုဖြင့် ဆောင်ရွက်သင့်သော အချိန်အခါ လည်း ဖြစ်ပါကြောင်း စေတနာကောင်းဖြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags