FB အဖျက်အမှောင့်သမားတွေကို ကိုင်တွယ် သင့်သလား

FB အဖျက်အမှောင့်သမားတွေကို ကိုင်တွယ် သင့်သလား

အခုဆိုရင် အမတ်လောင်းတွေဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေကြပါပြီ။ ပြဿနာကတော့ အမတ်လောင်းတွေနဲ့ ပါတီတွေအတွက် ဘာတွေလုပ်လို့ ရတယ်၊ ဘာတွေလုပ်လို့ မရဘူး ဆိုတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိပေမယ့် အမတ်မဟုတ်၊ ပါတီဝင်မဟုတ်တဲ့ သူတွေအတွက်ကတော့ ဘယ်လို စည်းကမ်းမျိုးမှ ချထား တာ မတွေ့ကြရပါဘူး။

ဒါကြောင့်လည်း နေရာတချို့မှာ လူပုဂ္ဂိုလ်တချို့၊ အဖွဲ့အစည်း တချို့ ကနေ ပါတီတချို့ကို မမှန်မကန် လုပ်ကြံစွပ်စွဲထားတဲ့ စာရွက်စာတမ်း ဖြန့်ဝေတာတွေ၊ ပိုစတာ ကိုင်ဆောင် ဆန္ဒပြတာတွေ လုပ်ကိုင်နေ ကြတာကို တွေ့ကြရပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ကော်မရှင် အဆင့်ဆင့်ဘက်ကရော၊ အာဏာပိုင် တွေဘက်ကပါ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အရေး မှုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ မကြား မသိကြရပါဘူး။

အဲဒီထက် လုပ်ရကိုင်ရ ခက်တာကတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ မှာပါ။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခု၊ ဘာသာ သာသနာ တစ်ခုခုအပေါ် ကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ပုတ်ခတ် တိုက်ခိုက်မှုတွေ လုပ်နေကြတာ၊ ရှိနေတာကတော့ ကာလကြာမြင့်နေပါပြီ။ အခု ရွေးကောက်ပွဲနီးလာတော့ အခြေအနေက ပိုတောင် ဆိုးလာပါ တယ်။ အထူးသဖြင့် ကိုယ်တိုင် နာမည် အစစ်နဲ့ မဟုတ်ဘဲ ဖွင့်ထားတဲ့ အကောင့်န်တွေကနေ၊ တခြားသူနာမည် တစ်ခုခုကို ပုံတူလုပ်ထားတဲ့ အကောင့်န်တွေကနေ အဲဒီလို မဟုတ်မမှန် မသမာတာတွေ လုပ်လာတဲ့ ကိစ္စပါ။

အရင် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်က ကိုယ့်ရဲ့ နာမည်အရင်းနဲ့ သတ်မယ်ဖြတ်မယ် ပြောဆိုခဲ့သူတွေ၊ အမုန်းတရား ဖြန့်ဖြူးနေသူတွေနဲ့ ပတ်သက်ပြီး တာဝန်သိ သတင်း မီဒီယာတွေက ဖော်ထုတ်တဲ့တိုင် အရေး ယူဖို့ နေနေသာသာ ထုတ်ဖော်ပြောဆိုရကောင်းမှန်းတောင် မသိခဲ့တဲ့ အစိုးရအာဏာပိုင်တွေ ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပတ်သက်ပြီး ပုံပျက်ပန်းဖျက် အသရေဖျက် တဲ့ကိစ္စ လုပ်လာမှ ဒါကို ရှာဖွေရမယ်၊ ဖော်ထုတ်ရမယ်၊ အရေးယူရမယ်ဆိုပြီး ပြောဆိုလာတဲ့ ကိစ္စပါပဲ။ ဒီကနေ့ အဲဒီအ ကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ Facebook လို အင်တာနက် လူမှုကွန်ရက် စာမျက်နှာဆိုတာဟာ သုံးတဲ့လူတွေအတွက် အလွန် အသုံးဝင်၊ သုံးတတ်ရင် အကျိုးလည်းရှိတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူကမှ အငြင်းမပွားကြပါဘူး။ ဒါပေမယ့် အခြားသော နည်းပညာတွေ၊ ရုပ်ဝတ္တုတွေလိုပဲ အဖျက်အမှောင့်သမားတွေကလည်း ဒီနည်းပညာကို အသုံးပြုကြပါတယ်။ ကမ္ဘာကျော် အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ဆိုရင်လည်း လူသစ်     စုဆောင်းတာ၊ ဝါဒဖြန့်တာ၊ ငွေကြေးလွဲှပြောင်းတာ စတဲ့ ကိစ္စပေါင်းများစွာအတွက်လည်း ဒီ အင်တာနက် နည်းပညာပေါင်းစုံကို အသုံးပြုကြတာပါပဲ။ အင်တာနက် ကွန်ရက်ဆိုတာက လည်း တစ်ကမ္ဘာလုံးအနှံ့ ကွန်ရက်ဖြန့်ကျက်ထားလေတော့ ဘယ်သူ ဘယ်နေရာက အသုံး ပြုနေတယ်ဆိုတာ ထောက်လှမ်းရ ခက်ခဲသလို၊ သိခဲ့ရင်လည်း အရေးယူရ ခက်ခဲလို့ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာလည်း သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ Facebook ကွန်ရက်ကို အသုံးပြု နေကြပါတယ်။ မိသားစု မိတ်ဆွေ သူငယ်ချင်းအချင်းချင်း ဆက်သွယ်တာ၊ သတင်းတွေကို ရယူတာ၊ သတင်းတွေ ကိုဖြန့်ဝေတာ၊ စီးပွားရေး လုပ်ငန်းလုပ်တာ စတာတွေအတွက် အဓိက အသုံးပြုကြပါတယ်။ ထုံးစံအတိုင်း ကောင်းတဲ့ဘက်က သုံးတာတွေ ရှိသလို၊ မမှန်မကန် သတင်းဖြန့်ချိတာတွေ၊ အကြမ်းဖက်မှု အတွက် လှုံ့ဆော်တာ၊ အမုန်းတရားတွေ ဖြန့်ဖြူးတာ၊ တစ်ဖက်သားကို နစ်နာအောင် အပုတ်ချတာ၊ အတုအယောင်တွေ ဖန်တီးပြီး ကောလာဟလ တွေဖြန့်ချိ မတည်မငြိမ်ဖြစ်အောင် ဖန်တီးတာမျိုး လုပ်သူတွေလည်း ရှိကြတာပါပဲ။ ဒီလို ကွန်ရက် အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ဘက်ကို ပိုပြီး အသုံးပြုလာနိုင်အောင်၊ မသမာသူတွေ နေရာမရအောင် အစိုးရ အာဏာပိုင်တွေနဲ့ အသုံးပြု တဲ့ပြည်သူတွေ လုပ်နိုင် တာ အများကြီး ရှိပါတယ်။

အာဏာပိုင်တွေဘက်က လုပ်နိုင်တာကတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပြီး ဥပဒေ မဟုတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်တာ၊ နည်းပညာ တတ်ကျွမ်းသူတွေရဲ့ အကူအညီယူပြီး ရာဇဝတ်မှုနဲ့ နှီးနွှယ် လုပ်ကိုင်သူတွေကို ဖော်ထုတ်တာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အမုန်းတရား ဖြန့်ဖြူးသူတွေကို ဖော်ထုတ် အရေးယူဖို့ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း အမည်နာမ တိတိကျကျ မသိနိုင်တဲ့ အကောင့်န်တွေ၊ အတုအယောင် ဖန်တီးထားသူတွေရဲ့ ရေးသားချက်တွေကို ဖြန့်ဝေခြင်း မပြုဖို့ သာမန် အသုံးပြုသူတွေကို စည်းရုံးဖို့ ဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဒီလိုလုပ်ရာမှာ ကိုယ့်ဘာသာဝင်ဆိုရင် ရေးချင်ရာ ရေးစေ၊ အခြားဘာသာဝင်တွေကို ဆိုရင်တော့ ချက်ချင်းဖော်ထုတ် အရေးယူစေ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အင်န်အယ်လ်ဒီ ကိုတော့ ကြိုက်သလောက် မဟုတ်မမှန် လုပ်ကြံဖော်ပြစေ၊ သမ္မတ ကိုတော့ နည်းနည်းလေးမှ မထိစေနဲ့ ဆိုတာမျိုး ခွဲခြားလုပ်ကိုင်လို့တော့ သင့်တော်မှာ မဟုတ် ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေကို ကောင်းတဲ့ဘက်က အသုံးပြုလာဖို့၊ အဖျက်အမှောင့် လုပ်သူတွေကို ဖော်ထုတ် အရေးယူဖို့ဆိုတာ လိုပါတယ်။ ဒါပေမယ့် ဒီလို အကောင်အထည်ဖော်ရာမှာ ရပြီးသား လွတ်လပ်ခွင့်ကို လုံးဝ မထိခိုက်စေဖို့နဲ့ ဘက်လိုက်မှုတွေ မရှိဖို့ကတော့ အထူးလိုအပ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags