မျှော်လင့်မထားလောက်အောင် များပြားသည့် ယူရေနီသိုက်တွေ့ရှိဟု အီရန်ပြောကြား

မျှော်လင့်မထားလောက်အောင် များပြားသည့် ယူရေနီသိုက်တွေ့ရှိဟု အီရန်ပြောကြား

ဒူဘိုင်း၊ စက်တင်ဘာ - ၁၃ ။         ။ မျှော်လင့်မထားလောက်အောင် ပမာဏများပြားသည့် ယူရေနီယံသိုက်တစ်ခုကို တွေ့ရှိခဲ့ပြီး မကြာမီ သတ္တုတွင်းသစ်တွင် ရေဒီယိုသတ္တိကြွဒြပ်စင်ကို တူးဖော်ထုတ် ယူတော့မည်ဖြစ်ကြောင်း အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့ကြီး၏ အကြီးအကဲက စက်တင်ဘာလ ၁၂ရက်နေ့တွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံတွင် ယူရေနီယံသတ္တု အနည်းငယ်သာပိုင်ဆိုင်ထားပြီး အနည်းနှင့်အမြန်ဆိုသလို ၎င်း၏ နျူကလီးယားအစီအစဉ်အတွက် လိုအပ်သော ယူရေနီယံကုန်ကြမ်းကို ပြည်ပမှ တင်သွင်းရတော့မည်ဟု အနောက်မှ ဝေဖန်သုံးသပ်သူများက အကဲဖြတ်ထားခဲ့ကြရာ ယခုအီရန်၏ ကြေညာချက်ကြောင့် သို့လောသို့လောနှင့် သံသယပွားကုန်ကြသည်။

ပြီးခဲ့သည့်ဇူလိုင်လက ၎င်း၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ တီဟီရန်နှင့် သမိုင်းဝင်သဘောတူညီချက် ရယူခဲ့ကြသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်အနေဖြင့် ပြည်တွင်းတွင်ပင် ယူရေနီယံ လုံလုံလောက်လောက် ထုတ်လုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားမည့် ဖြစ်နိုင်ခြေများကို မျက်လုံးဒေါက်ထောက် စောင့်ကြည့်နေမည်ဖြစ်သည်။

တီဟီရန်က ငြင်းဆန်ထားသော်လည်း အီရန်၏ နျူကလီးယားလှုပ်ရှားမှုများမှာ နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ရေးသို့ ဦးတည်သွားမည်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံများက စိုးရိမ်နေကြသည်။

''အီရန်ရဲ့ ယူရေနီယံသတ္တုသိုက်တွေမှာ ပမာဏ ဘယ်လောက်များပြားတယ်ဆိုတာကိုတော့ ကျနော် မကြေညာနိုင်ပါဘူး။ အရေးကြီးတာက တူးမကြည့်ရသေးမီ အကောင်းမမြင်လွန်းဖို့ပါ။ ဒါပေမယ့် အသစ်တွေ့ရှိမှုက ယူရေနီယံကုန်ကြမ်းနဲ့ပတ်သက်လို့ ကျနော်တို့ကို ပိုပြီး ယုံကြည်မှုတိုးစေပါတယ်''ဟု အီရန် နျူကလီးယားအကြီးအကဲ အလီ အက်ဘာ ဆာလယ်ဟီ ကပြောကြားကြောင်းနိုင်ငံ ပိုင်သတင်းအေဂျင်စီ IRNA က ကိုးကားဖော်ပြခဲ့သည်။

နိုင်ငံ၏ သုံးပုံနှစ်ပုံမျှကို ယူရေနီယံတူးဖော်ရှာဖွေလျှက်ရှိပြီး လာမည့်လေးနှစ်တွင် ပြီးစီးလိမ့်မည်ဟုလည်း ဆာလယ်ဟီက ပြောကြားခဲ့သည်။ ယူရေနီယံကို အရပ်ဖက်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် အခြားသိပ္ပံရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည့်အပြင် နျူကလီးယားလက်နက်များ ထုတ်လုပ်ရာတွင်လည်း မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်သည်။

ဇူလိုင်လက အီရန်နှင့် ကမ ္ဘာ့အင်အားကြီးနိုင်ငံများအကြား သဘောတူညီချက်အရ အီရန်အပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရသည့်အတွက် အီရန်ကလည်း ၎င်း၏ နျူကလီးယား လှုပ်ရှားမှုများကို အနည်းဆုံးဆယ်နှစ်နီးပါး ထိန်းချုပ်ကန့်သတ်ထားရမည်ဖြစ်သည်။

သဘောတူညီချက်အရ ညအီရန်တွင် ယခုတွေ့ရှိရသည့် ယူရေနီယံသတ္တုသိုက်အသစ်များမှာလည်း  သတ္တုသိုက်အဟောင်းများနည်းတူ အနီးကပ်စောင့်ကြည့်ခံရမည်ဖြစ်သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

''သဘောတူညီချက်ကို ချိုးဖောက်မှုမှန်သမျှ တူမျှတဲ့ တုန့်ပြန်အရေးယူမှုနဲ့ ရင်ဆိုင်ရမယ်''ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ခါဘီက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly