ဒုက္ခသည်များကို လက်ခံရေးအတွက် ဥရောပမြို့ကြီးများတွင် ထောက်ခံမှုများ ပြုလုပ်

ဒုက္ခသည်များကို လက်ခံရေးအတွက် ဥရောပမြို့ကြီးများတွင် ထောက်ခံမှုများ ပြုလုပ်

ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူထောင်ပေါင်းများစွာကို လက်ခံရေးအတွက် သြစတြေးလျနှင့် ဥရောပတိုက် မြို့ကြီးများတွင် လူထောင်ပေါင်းများစွာက ထောက်ခံတောင်းဆိုမှုများ လုပ်ဆောင် ခဲ့ကြသည်။

ဥရောပနိုင်ငံများအနေဖြင့် ဆီးရီးယားနှင့် နိုင်ငံအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ ဆင်းရဲမွဲတေမှုများမှ ထွက်ပြေး ရွှေ့ပြောင်းရောက်ရှိလာသူအများအပြားကို လက်ခံရန် လုပ်ဆောင်လျက် ရှိသည်။

စက်တင်ဘာ ၁၃ ရက်က ရွှေ့ပြောင်းအခြေချသူ ၉၀၀၀ ကျော် သည် ဂျာမနီနိုင်ငံ မြူးနစ်မြို့သို့ ရောက်ရှိလာခဲ့သည်။ နောက်တစ်ပတ်အတွင်း စုစုပေါင် ၄၀၀၀၀ ခန့် ရောက်ရှိလာနိုင်မည်ဟု ဂျာမနီအစိုးရက ခန့်မှန်းထားသည်။

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ဒုက္ခသည်အမြောက်အများကို လက်ခံမှုနှင့်ပတ်သက်သည့် လုပ်သင့်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

သို့သော် ဒုက္ခသည်များ အလွန်အကျွံဝင်ရောက်လာနိုင်သည့်အခြေအနေအပေါ် မာကယ်အား ဝေဖန်မှုများလည်း ရှိနေသည်။ ဂျာမနီအစိုးရက ဒုက္ခသည်များအား ပို့ဆောင်နေရာချထားရေးအတွက် တပ်ဖွဲ့ဝင် ၄၀၀၀ ဖြင့် လုပ်ဆောင်လျက်ရှိသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်လည်း လူထောင်ပေါင်းများစွာသည် စာတန်းများကိုင်ဆောင်လျက် ဒုက္ခသည်များအား လက်ခံရန် တောင်းဆိုခဲ့ကြသည်။

ဗြိတိန်အစိုးရက ငါးနှစ်အတွင်း ဒုက္ခသည် ၂၀၀၀၀ အထိ လက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားထားရာတွင် အရှေ့အလယ်ပိုင်းဒေသမှ လူများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆီဒင်နိုင်ငံ စတော့ဟုမ်း၊ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တို့တွင်လည်း ဒုက္ခသည်များကို လက်ခံရေးအတွက် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly