ဟောင်ကောင်၏ အမှုဆောင်အရာရှိချုပ်မှာ ဥပဒေနှင့် တရားစီရင်ရေး၏ အထက်တွင်ရှိဟု ပေကျင်းပြောကြား

ဟောင်ကောင်၏ အမှုဆောင်အရာရှိချုပ်မှာ ဥပဒေနှင့် တရားစီရင်ရေး၏ အထက်တွင်ရှိဟု ပေကျင်းပြောကြား

ဟောင်ကောင်၊ စက်တင်ဘာ-၁၃  ။         ။ ဟောင်ကောင်ခေါင်းဆောင်မှာ ၎င်းအား ဥပဒေနှင့် တရားစီရင်ရေး၏ အထက်တွင် ရှိနေစေမည့် အခွင့်ထူးခံနေရာကို ခံစားရမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားလိုက်သောကြောင့် ပေကျင်း၏ မြို့တော်အတွင်း ချဲ့ထွင်လာသည့် သြဇာအပေါ် နိုင်ငံရေးသမားအချို့က စိုးရိမ်နေကြသည်။

ဟောင်ကောင်၏ ခေါင်းဆောင် အမှုဆောင်အရာရှိချုပ်က တရုတ်ဗဟိုအစိုးရသို့ အစီရင်ခံရမည်ဖြစ်သည်။ မြို့တော်သူမြို့တော်သား ထောင်ပေါင်းများစွာကမူ ဒီမိုကရေစီအပြည့်အဝပေးရန် ဆန္ဒပြတောင်းဆို လျှက်ရှိပြီး လက်ရှိခေါင်းဆောင် လျံချွန်းယင်ကို ဖိအားပေးနေကြသည်။

ပေကျင်း၏ ဆက်ဆံရေးအရာရှိချုပ် ကျန် ရှောင်မင်းကမူ အစိုးရ၏ လက်တံများက အခြားသူများ၏ အာဏာကို စစ်ဆေးထိန်းညှိနိုင်စေမည့် နိုင်ငံရေးစနစ်များကို အချုပ်အခြာပိုင်နိုင်ငံများတွင် ထူထောင်လေ့ ရှိကြောင်းနှင့် အမှုဆောင်ချုပ်၏ အာဏာမှာ အရာအားလုံး၏ အထက်တွင်ရှိကြောင်း စက်တင်ဘာ ၁၂ရက်နေ့က ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှုဆောင်ချုပ်မှာ ဗဟိုအစိုးရနှင့် ဟောင်ကောင် နှစ်ခုစလုံးကို တာဝန်ခံရမည်ဖြစ်သောကြောင့် အမှုဆောင်၊ ဥပဒေပြုနှင့် တရားရေး အဖွဲ့အစည်းများ၏ အထက်တွင် အခွင့်ထူးခံနေရာ ကိုပေးအပ်ထားကြောင်း ကျန်က တရုတ်က ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ကို အထူးအုပ်ချုပ်မှုဒေသအဖြစ် အုပ်ချုပ်နိုင်စေသည့် ဖွဲ့စည်းပုံဥပဒေ Basic Law နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။ ဟောင်ကောင်မှာ အာဏာကို ခွဲခြားကျင့်သုံးနေသည့် နိုင်ငံရေးစနစ်တစ်ရပ်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကျန်၏ မှတ်ချက်စကားကြောင့် ဥပဒေပြုအမတ်များမှာ ဒေါသူပုန်ထခဲ့ကြကာ ပေကျင်းက အမှုဆောင်အရာရှိချုပ်အား အထိန်းအချုပ်မရှိသော အာဏာကို အပ်နှင်းလိုက်သည်ဟု ပြောကြသည်။

ဥပဒေပြုလွှတ်တော်ကောင်စီအဖွဲ့ဝင် အလန် လီရုန်းက South China Morning Post ကို ပြောကြားရာတွင်လည်း ယခုလက်ရှိတွင် အမှုဆောင်ချုပ်မှာ ဧကရာဇ်ဘုရင်တစ်ပါးနှင့် တူနေပြီး ကျန်၏ မှတ်ချက်စကားများက ဟောင်ကောင်၏ ဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်ဖျက်စီးနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ကို ၁၉၉၇ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ တရုတ်က တစ်နိုင်ငံတည်း စနစ်နှစ်မျိုးမူအရ ဟောင်ကောင်ကို သီးခြားဥပဒေများနှင့် ကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးအပ်ထားသော်လည်း အမြင့်ဆုံးအာဏာကိုမူ ပေကျင်းကသာ ထိန်းချုပ်ထားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly