မောင်းသူမဲ့ကားများမှာ စက်ရုပ်များအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလျှက်ရှိဟု အီရန်သိပ္ပံပညာရှင်နှစ်ဦးပြော

မောင်းသူမဲ့ကားများမှာ စက်ရုပ်များအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလျှက်ရှိဟု အီရန်သိပ္ပံပညာရှင်နှစ်ဦးပြော

ဘာနာဘီ၊ စက်တင်ဘာ - ၁၃ ။         ။ မောင်းသူမဲ့ကားနယ်ပယ်တွင် သုတေသနနှင့် ဖွံ့ဖြိုးမှုကို အီရန် သိပ္ပံပညာရှင်နှစ်ဦးက တော်လှန်ပြောင်းလဲပစ်လိုက်သည်။

ISNA သတင်းဌာန၏ ပြောကြားချက်အရ ဆိုင်မွန်ဖရေဇာ တက္ကသိုလ်၊ မက္ကထရောနစ်စနစ် အင်ဂျင်နီယာကျောင်းမှ ပါမောက္ခ အာမတ် ရတ်က မောင်းသူမဲ့ကားများနှင့် အဆင့်မြင့် ယာဉ်မောင်းအကူစနစ် များကို သုတေသနပြုလုပ်နေသည်ဟု ဆိုသည်။

''အော်တိုမိုဘိုင်းဆိုတဲ့ ဝေါဟာရကိုက မှားနေခဲ့တာဖြစ်နိုင်ပါတယ်''ဟု ပါမောက္ခရတ်က ကျောင်းဝန်းအတွင်းရှိ မိမိဖာသာထိန်းချုပ် ဉာဏ်ရည်စနစ်စမ်းသပ်ခန်းတွင် ပြုလုပ်သော အင်တာဗျူးတစ်ခု တွင်ပြောကြားခဲ့သည်။

''ကျနော်တို့ အခုမြင်နေရတာက ပြောင်းလဲမှုအရွေ့ကြီးပါ။ ကျနော်တို့ ကားလို့သိထားခဲ့တဲ့အရာဟာ တဖြည်းဖြည်း မိမိဖာသာထိန်းချုပ်အလုပ်လုပ်တဲ့ စက်ရုပ်တစ်ရုပ်အဖြစ်ကို အသွင်ပြောင်းသွားနေပါပြီ။ ယာဉ်မောင်းရဲ့ အလုပ်ဝတ္တရားဟာလည်း မောင်းနှင်ခြင်းကနေ ကားကို ကားကို ကြီးကြပ်ကွပ်ကဲမှုဆီ ပြောင်းလဲသွားပါလိမ့်မယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

ပါမောက္ခရတ်နှင့် ပါရဂူဘွဲ့ကျောင်းသား မက်ရန် ရှီရာဇီတို့နှစ်ဦးက လေကာနေရာတွင် မြို့လမ်းကို ပြနေသည့် ဖန်ပြင်ပြားသုံးပြားတပ်ဆင်ထားသည့် စတီယာရင်ဘီး၊ ဒက်ရှ်ဘုတ်နှင့် ထိုင်ခုံတစ်နေရာပါဝင် သည့်ကားမောင်းပုံစံငယ်တစ်ခုကို ပြသခဲ့ကြသည်။  

ကင်မရာများက မျက်စိခြေရာခံသဖွယ်အလုပ်လုပ်ကြပြီး ယာဉ်မောင်းကြည့်နေသည့်နေရာကို မှတ်မိသိရှိနိုင်သည်။ ဤစနစ်က ယာဉ်မောင်းမှာ မက်ဆေ့ချ်ပို့နေသလား၊ မူးနေသလား (သို့မဟုတ်) အိပ်ပျော်နေသည်လားဆိုသည်ကိုလည်း ထောက်လှမ်းသိရှိနိုင်သည်ဟု ပါမောက္ခက ရှင်းပြခဲ့သည်။

ရတ်နှင့် သုတေသနအဖွဲ့က သွေးထဲ တစ်ခုသောအတိုင်းအတာပမာဏအထိ အရက်ဝင်နေသည့်အခါ ဖြစ်လေ့ရှိသည့် ပုံစံကို တုပရန်အတွက် Fatal Visionဟုခေါ်သည့် မျက်မှန်များကို အသုံးပြုခဲ့ကြ သည်ဟု ဆိုသည်။ မဝေးလှသည့်အနာဂတ်တွင် စက်ရုပ်ကားတစ်စင်းက မူးယစ်ရီဝေနေသည့် ယာဉ်မောင်းထံမှ တာဝန်ကို လွှဲပြောင်းယူပြီး ကားကိုရပ်နားထားခြင်း (သို့မဟုတ်) တစ်စုံတစ်ယောက် မှာမောင်းရန် မသင့်တော်သည့် အခြေအနေဖြစ်ပါက အိမ်သို့ ပြန်လည်ခေါ်ဆောင်သွားခြင်းများကို အလိုလျောက်လုပ်ဆောင်မည်ဖြစ်သည်။

''ကားကိုမောင်းတာကတော့ လူပါပဲ။ ဒါပေမယ့် အဲဒီလူဟာ ဖုန်းပြောနေတာပဲဖြစ်ဖြစ်၊ မက်ဆေ့ချ်ပို့တာပဲဖြစ်ဖြစ် လုပ်နေရင် သူ့ဖာသာသူ မောင်းသွားလိမ့်မယ်။ ဒီ့ထက်ပိုဆိုးတဲ့ ကိစ္စတွေမှာ အဲဒီလူဟာ အရက်မူးနေကြောင်း ကားက သိသွားခဲ့ရင် သူ့ဖာသာသူပဲ ကားတစ်စင်းလုံးကို ထိန်းချုပ်သွားလိမ့်မယ်''ဟု ပါမောက္ခရတ်က ပြောကြားခဲ့သည်။

ရတ်နှင့် ရှီရာဇီတို့၏ ပြောကြားချက်အရ အနာဂတ်ကားများမှာ မျက်လုံးခြေရာခံကိရိယာနှင့် ရှေ့မျက်နှာမူ ကင်မရာတို့ တွဲဖက်ထားလိမ့်မည်ဖြစ်ပြီး ထိုကင်မရာကို  စည်းကမ်းမဲ့လမ်းကူးသူများနှင့် လမ်းသင်္ကေတများကို ထောက်လှမ်းရာတွင် အသုံးပြုမည်ဖြစ်သည်။

သို့ရာတွင် မောင်းသူမဲ့ကားများအတွက် လိုအပ်သည့် ဉာဏ်ရည်တုကို တီထွင်ထုတ်လုပ်ရသည်မှာ အလွန်ခက်ခဲပင်ပန်းသည့်အလုပ်တစ်ခုဖြစ်သောကြောင့် နောက် အနှစ်၂၀အထိ မောင်းသူမဲ့ကားများ အပြည့်အ၀ တွင်ကျယ်လာဦးမည်မဟုတ်ဟု ရတ်က ဟောကိန်းထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly